
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ သံတမန်သည် စိန့်ပီတာစဘတ်မြို့၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရုရှားနှင့် ယူကရိန်းတို့သည် ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး ယူကရိန်းဘက်မှ လူခုနစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သံတမန် စတီဗ် ဝစ်ကော့ဖ်သည် အောက်တိုဘာ ၂၁ က ပူတင်နှင့် တွေ့ဆုံမှုအပြီးတွင် ထရန့်က အကောင်းမြင်သည့် သဘောထားမျိုး ပြသရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် စေ့စပ်ညှိနှိုင်းသူများသည် စစ်ပွဲအဆုံးသတ်ရန်အတွက် အနီးစပ်ဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ကရင်မလင်နန်းတော်ကလည်း ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မူအားဖြင့် လမ်းဖွင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် ဝစ်ကော့ဖ်၏ ခရီးစဉ်အပြီးတွင် ရုရှားနှင့် ယူကရိန်းကြား တိုက်ခိုက်မှုများမှာမူ လျော့ပါးသွားခြင်း မရှိခဲ့ပေ။
ဒရုန်း ၁၆၃ စင်းမှာ ရုရှားမြို့တော်သို့ ဦးတည်ချဉ်းကပ်လာခဲ့မှု အပါအဝင် အစင်းရေ ၆၃၀ ပါဝင်သော အုပ်စုလိုက်ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆယ်ဂေး ဆိုဗျာနင်က ပြောကြားခဲ့သည်။
တူလာ ဒေသ၏ အုပ်ချုပ်ရေးမှူးက ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်များအနေဖြင့် ဒရုန်း အစင်း ၇၀ ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လီပက်စ်ခ် ဒေသတွင်လည်း နောက်ထပ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဒေသ၏ အုပ်ချုပ်ရေးမှူးက ပြောသည်။
ယူကရိန်းနိုင်ငံဘက်တွင်မူ ရုရှား၏ တိုက်ခိုက်မှုများကြောင့် အရှေ့မြောက်ပိုင်းရှိ ဆူမီဒေသတွင် အမျိုးသားတစ်ဦးနှင့် ခါကိဗ် တွင် အမျိုးသမီးတစ်ဦး၊ အရှေ့တောင်ပိုင်း ဇာပိုရီးဇီးယားတွင် လူသုံးဦးနှင့် အရှေ့ပိုင်း ဒိုးနက်စ်ခ်ဒေသတွင် လူနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း မြို့တော်၌ လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တော်ရှိ တံတားတစ်စင်းနှင့် မြေအောက်ရထားလိုင်း အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရပြီး မြို့၏ အချို့နေရာများတွင် သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားရကြောင်း အရာရှိများက ပြောကြားခဲ့သည်။
Ref:AFP