Eleven Media Group

Air Force One လေယာဉ်ပေါ် သတင်းရယူခွင့် ဆက်လက်ပိတ်ပင်ခံရပါက ထရန့်အစိုးရကို ထပ်မံတရားစွဲမည်ဟု CNN ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခရီးစဉ်များတွင် Air Force One လေယာဉ်ပေါ် လိုက်ပါ သတင်းယူခွင့် ဆက်လက်ပိတ်ပင်ခံရမည်ဆိုပါက ထရန့်အစိုးရကို ထပ်မံတရားစွဲဆိုနိုင်ရန် တရားရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း CNN သတင်းဌာနက ခြိမ်းခြောက်ထားသည်။

စက်တင်ဘာ ၁၈ ရက်တွင် ထရန့်က CNN ၊ MS NOW နဲ့ Politico သတင်းဌာနများမှ သတင်းထောက်များကို အိမ်ဖြူတော်သို့ ဝင်ခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ရာမှ ထရန့်နှင့် CNN တို့ကြား အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ဖက်ဒရယ် တရားသူကြီး တစ်ဦးက အဆိုပါသတင်းဌာနများမှ တင်သွင်းထားသည့် အစိုးရ၏ပိတ်ပင်မှုအပေါ် ယာယီတားမြစ်ပေးရန် တောင်းဆိုချက်ကို ခွင့်ပြုခဲ့သော်လည်း ပြဿနာအားလုံး မပြေလည်သေးပေ။

အိမ်ဖြူတော်က ထရန့်၏ခရီးစဉ်များတွင် Air Force One ပေါ်သတင်းလိုက်ယူခွင့်ရှိသည့် ရုပ်သံသတင်းထောက်အဖွဲ့တွင် CNN ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ကြောင့် တရားရေးဌာနရှေ့နေထံ CNN ရှေ့နေ သီအိုဒေါ ဂျေ ဘူထရော့စ်က စာပေးပို့ပြီး ယခုပိတ်ပင်ခံရမှု ဆက်ရှိနေမည်ဆိုပါက ဥပဒေအရ အရေးယူစေရန် တင်ပြမှု လိုအပ်လာလိမ့်မည်ဟု အသိပေးခဲ့သည်။

CNN ရှေ့နေက CNN သည် အိမ်ဖြူတော်ရှိ သမ္မတရုံးခန်းနှင့် Air Force One လေယာဉ်တို့တွင် ၄၅ နှစ်ကြာ ဝင်ရောက်သတင်းယူခွင့် ရရှိခဲ့ကြောင်း ၊ ထိုနေရာများသည် သမ္မတတစ်ဦးတစ်ယောက် သို့မဟုတ် အစိုးရတစ်ရပ်နှင့်သာ သက်ဆိုင်သည့်နေရာများ မဟုတ်ဘဲ အမေရိကန်ပြည်သူ အားလုံးနှင့် သက်ဆိုင်သည့် နေရာများဖြစ်ကြောင်း ပြောသည်။

CNN ၊ ABC ၊ CBS ၊ FOX News နှင့် NBC တို့သည် အိမ်ဖြူတော်၏ အဓိက ရုပ်သံသတင်းဌာန အဖွဲ့ဖြစ်ပြီး သမ္မတ၏လှုပ်ရှားမှုများကို သတင်းယူရာတွင် ကုန်ကျစရိတ်ကို အတူတကွ မျှဝေကြပြီး သတင်းရယူမှုများကို အလှည့်ကျ စီစဉ်ကာ ရရှိလာသည့် ဗီဒီယိုဖိုင်များကို အခြားသတင်းဌာနများထံ​ ပြန်လည်မျှဝေကြသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group