
ဗီယက်နမ်လေကြောင်းလိုင်း လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး မီးဖွားခဲ့သ ဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း Vietnam News သတင်းတွင် ဖော်ပြထားသည်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးသို့ ပျံသန်းနေသည့် ဗီယက်နမ် လေကြောင်းလိုင်းပေါ်တွင် ခရီးသည်တစ်ဦး မီးဖွားခဲ့ပြီးနောက် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
ဗီယက်နမ်လေကြောင်းလိုင်း ခရီးစဉ် VN38 ပေါ်မှ လေယာဉ်အမှုထမ်းများသည် အရေးပေါ် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းခရီးသည် ငါးဦး၏ အကူအညီဖြင့် လေယာဉ်ပေါ်၌ပင် ကလေးကို အောင်မြင်စွာ မီးဖွားပေးနိင်ခဲ့သည်။
သို့သော် မိခင်နှင့် မွေးကင်းစကလေးငယ်၏ ကျန်းမာရေးအတွက် အရေးပေါ် ဆေးဝါးကုသမှု ခံယူနိုင်ရန် ခရီးစဉ်ကို ရန်ကုန်မြို့သို့ ဦးတည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ခရီးစဉ်ကို ပြန်လည်စတင်ခဲ့ပြီး စက်တင်ဘာလ ၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲတွင် ပြန်လည်ထွက်ခွာခဲ့ကာ နံနက် ၆ နာရီ ၅ မိနစ်တွင် Tan Son Nhat လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
အပိုကုန်ကျစရိတ်များနှင့် ခရီးစဉ်အချိန်ဇယား ထိခိုက်မှုများ ရှိနိုင်သော်လည်း ခရီးသည်များ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အာမခံနိုင်ခဲ့သည့်အတွက် လေယာဉ်အမှုထမ်းများနှင့် မြေပြင်ဝန်ဆောင်မှုအဖွဲ့များကြား လျင်မြန်သော ပူးပေါင်းဆောင်ရွက်မှုကို လေကြောင်းလိုင်းက ချီးကျူးဂုဏ်ပြုခဲ့သည်။
Ref: Vietnam News