
ရန်ကုန် - ထားဝယ်ကားလမ်းမပေါ်ရှိ ဘုရားကြီး - မော်လမြိုင်ကားလမ်းအပိုင်းနှင့် မော်လမြိုင် - သံဖြူဇရပ်ကားလမ်းအပိုင်းတွင် ကားလမ်းပျက်ဆီးမှုများဆိုးဝါးစွာဖြစ်ပေါ်နေကြောင်း ခရီးသွားပြည်သူများနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန် - မော်လမြိုင်ကားလမ်း၊ ဘုရားကြီး - မော်လမြိုင်ကားလမ်းအပိုင်းတွင် ချိုင့်ခွက်ကြီးများစွာဖြစ်ပေါ်နေပြီး မော်တော်ယာဉ်များအနေဖြင့် လမ်းချိုင့်များအတွင်းကျကာ တာယာကွဲမှုများမကြာခဏဖြစ်ပေါ်နေကြောင်း ယင်းလမ်းပိုင်းအား အသုံးပြုသွားလာနေသည့် မော်လမြိုင်မြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဓိကလမ်းတွေပျက်နေတာ သထုံကနေ မုပ္ပလင်တံတားအထိဘဲ။ ချိုင့်ခွက်တွေကလည်း အနက်ကြီးတွေဖြစ်နေတာ။ ကားကိုအရှိန်နဲ့မောင်းသွားလို့ ချိုင့်ထဲကျတာနဲ့ တာယာတွေက ကွဲတာဘဲ။ ကားကို အမှောက်အောင် သတိကြီးကြီးထားပြီးမောင်းနှင်နေကြရပါတယ်။ လမ်းကနှစ်ဖက်လုံးကို ပျက်နေတာ” ဟု ပြောကြားသည်။
မိုးရွာနေချိန်တွင် ချိုင့်များရေပြည့်နေတတ်သည့်အတွက် အထူးသတိပြု၍ မောင်းနှင်စေချင်ကြောင်းနှင့် ထိုလမ်းပိုင်းအား B.O.T ရယူထားသည့် ကုမ္ပဏီအနေဖြင့်လည်း လမ်းအား အဆင့်မြှင့်ပြုပြင်သင့်ကြောင်းလည်း ၎င်းကဆိုသည်။
“တချို့မိုးပါးတဲ့ရက်တွေမှာ လမ်းပြင်နေတာမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် မိုးရေထဲ ပြင်တဲ့လမ်းက ဘယ်လိုလုပ်ပြီးကောင်းနိုင်မှာလဲ။ သူတို့ပြင်ထားတဲ့လမ်းချိုင့်တွေကလည်း ကားတွေယက်တော့ ပြန်ပျက်တာဘဲလေ” ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါ မော်လမြိုင် - ဘုရားကြီးကားလမ်းပိုင်းအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်ဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။
အလားတူ မော်လမြိုင် - မုဒုံ - သံဖြူဇရပ်ကားလမ်းပိုင်းတွင်လည်း လမ်းများဆိုးဝါးစွာပျက်ဆီးနေသည့်အတွက် မော်တော်ယာဉ်များထိခိုက်ပျက်ဆီးမှုနှင့် မော်တော်ဆိုင်ကယ်များ တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
“မော်လမြိုင်ကနေ မုဒုံမြို့လောက်အထိက ကားတွေ၊ ဆိုင်ကယ်တွေ ကောင်းကောင်းမွန်မွန်မောင်းနှင်လို့ ရပေမယ့်၊ မုဒုံမြို့ကနေ သံဖြူဇရပ် - ရေးအထိက လမ်းပျက်တဲ့နေရာတွေ တော်တော်များတယ်။ မိုးတွင်းဖြစ်လို့လမ်းပျက်တာဆိုရင်လည်း လမ်းကနှစ်တိုင်းကိုပျက်နေတာ” ဟု သံဖြူဇရပ်မြိုခံတစ်ဦးပြည်သူတစ်ဦးက ပြောကြားသည်။
မော်လမြိုင် - မုဒုံ - သံဖြူဇရပ် ကားလမ်းပိုင်ဆိုးဝါးစွာပျက်ဆီးနေသည့်အတွက်ကြောင့် ချိုင့်ခွက်များအား ရှောင်မောင်းရင်း ယာဉ်မတော်တဆမှုများဖြစ်ပေါ်နေသည့်အပြင် ဆိုင်ကယ်တိမ်းမှောက်ကာ လူထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဆိုင်ကယ်ပျက်ဆီးခြင်းများလည်း မကြာခဏဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ မော်လမြိုင် - မုဒုံ - သံဖြူဇရပ်ကားလမ်းပိုင်းအး A.K (အေးကို) ကုမ္ပဏီမှ B.O.T စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
ထိုအခြေအနေများကြောင့်လည်း ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လမ်းဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ရုံးတွင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ B.O.T စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် လမ်း၊ တံတားလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့်လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီ စနစ်တကျပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် လမ်း၊ တံတားများ၏ ကြံ့ခိုင်ကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။
ပြည်သူများ ခရီးသွားလာရာတွင် လမ်းတံတားများအား ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် လမ်းတံတားများ၏ အခြေအနေအား စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ပြီး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးကြရန်လည်း ဝန်ကြီးဦးဇေယျာဦးက မှာကြားခဲ့သည်။
Photo Credit - ရာမညအသံ/ စေတနာရှင်လူမှုကူညီကယ်ဆယ်ရေးအသင်း