
အမေရိကန်ပြည်ထောင်စု မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazon ကုန်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းကို ကျော်လွန်ကာ မော်တော်ယာဉ်အများအပြားကို ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း လူငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မီးလောင်ပြီးနောက် မီးခိုးလုံးကြီးများ ထွက်လာခဲ့သည်။ ဒဏ်ရာရသူငါးဦးတွင် သုံံးဦးက အခြေအနေစိုးရိမ်ရသည်။
လေယာဉ်ဝင်တိုက်ခံရသည့် ကားများထဲတွင် လူအချို့ ပိတ်မိနေခဲ့သဖြင့် ကယ်ဆယ်ရေးသမားများက အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။ Boeing 767-300 အမျိုးအစား ကုန်တင်လေယာဉ်ဖြစ်ပြီး ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့မှ မိုင်ယာမီသို့ ပျံသန်းလာကာ ကုန်တင်လေယာဉ်ပျံသန်းရေးကုမ္ပဏီ 21 Air မှ ပြေးဆွဲပေးနေခြင်းဖြစ်သည်။ လေယာဉ် အချိန်မီ မရပ်တန့်နိုင်ရခြင်း အကြောင်းရင်းကို မသိရသေးပေ။
လေယာဉ်ခြေရာခံဝက်ဘ်ဆိုက် Flightradar24 ၏ ဖော်ပြချက်အရ လေယာဉ်သည် ပြေးလမ်းအသုံးပြုနိုင်သည့်အပိုင်းကို ကျော်လွန်ချိန် တစ်နာရီလျှင် မိုင် ၁၃၀ နီးပါးနှုန်းဖြင့် သွားနေခဲ့သည်။ လေယာဉ်မှူးများက လေယာဉ်မဆင်းသက်မီ အရေးပေါ်အခြေအနေ ဖြစ်နေသည်ကိုလည်း ကြိုတင်အကြောင်းကြားမှု မရှိခဲ့ပေ။
ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် ၆၀ ကျော် ရောက်လာချိန် လေယာဉ်မီးလောင်နေပြီဟု အာဏာပိုင်များကပြောသည်။ လေယာဉ်ပေါ်ရှိ လေယာဉ်မှူးနှစ်ဦးကို ကယ်ထုတ်ခဲ့ရပြီး ဆေးကုသနေသည်ဟု သိရသည်။
အမေရိကန်၏ Labor Day ရုံးပိတ်ရက်ကာလ၊ လေကြောင်းခရီးသွားလာမှုများသည့် ကာလတွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့သည့်အတွက် မိုင်ယာမီလေဆိပ်သို့ အဝင်အထွက်ပြုလုပ်မည့် လေယာဉ်ခရီးစဉ် ၄၅၀ ကျော် ကြန့်ကြာမှု ၊ ဖျက်သိမ်းမှုများ ရှိခဲ့သည်။
■ Ref:CNN
■ Photo: Reuters / AP/ The Irish Sun