
အစိုးရတပ်ဖွဲ့များနှင့်အီရန်ကျောထောက် နောက်ခံပြု ဟူသီရ်သူပုန်များ ယီမင်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် ရက်ပေါင်းများစွာတိုက်ပွဲများဖြစ်ပွားရာမှ သေဆုံးသူစုစုပေါင်းသည် စက်တင်ဘာ ၆ ရက်တွင် ၃၀၀ ကျော်ရှိနေပြီး မိသားစု ရာပေါင်းများစွာသည်ထိုတိုက်ပွဲများကိုတိမ်းရှောင်ရန်မိမိတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ကြသည်။
ဆော်ဒီအာရေဗျ ထောက်ခံထားသောအစိုးရတပ်ဖွဲ့များမှစစ်တပ်အရာရှိနှစ်ဦးက ၎င်းတို့၏တပ်ဖွဲ့ဝင်များထဲက ၈၄ ဦးသည် အများစု ဒုံးကျည်တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၅ ရက် နေ့ခင်းပိုင်းမှ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်ဟု AFP ကို ပြောကြားခဲ့သည်။ အလားတူ ကာလအတွင်း သူပုန်တိုက်ခိုက်ရေးသမား၅၇ဦးသေဆုံးခဲ့သည်ဟု ဟူသီရ်စစ်ရေး သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးသည် ပင်လယ်နီထွက်ပေါက်ကိုထိန်းချုပ်နိုင်ရေးအတွက်ရက်ပေါင်းများစွာတိုက်ခိုက်နေပြီး ၂၀၂၂ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ဇူလိုင်တွင်ပျက်သွားကတည်းက အာရေးဘီးယားကျွန်းဆွယ်၏တောင်ဘက်အစွန်ဆုံးအပိုင်းတွင် တည်ရှိသော ယီမင်နိုင်ငံ၌ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။
ယီမင်နိုင်ငံ၏အနောက်တောင်ဘက်ရှိ Taiz အုပ်ချုပ်ရေးဒေသတွင်တည်ရှိသော Maqbanah နှင့် Jabal Habashi တို့တွင်ဖြစ်ပွားနေသောတိုက်ပွဲများကို တိမ်းရှောင်လာကြသည့်မိသားစုများသည် ပြည်တွင်းရွှေ့ပြောင်းများ ခိုလှုံရာ Al-Bareen စခန်းကိုစက်တင်ဘာ ၆ရက်တွင်ရောက်လာခဲ့ကြသည်။
မွေ့ရာများ၊ ခြံမွေးတိရစ္ဆာန်များနှင့်အခြားပိုင်ဆိုင်ပစ္စည်းများကိုယူဆောင်လာသောတိုက်ပွဲရှောင်များသည် ယင်းဒေသရှိအခြားစခန်းတစ်ခု၌တဲများဆောက်နေသည်ကို AFP သတင်းထောက်များကစက်တင်ဘာ ၆ရက်တွင်မြင်ခဲ့သည်။
"သေနတ်ကျည်ဆန်တွေဟာကျွန်မတို့ဆီကိုအထက်ကနေလည်းလာပါတယ်။အောက်ကနေလည်းလာပါတယ်"ဟု Maqbanah မှ တိုက်ပွဲရှောင်အမျိုးသမီး Rawdhah Hasan က ပြောကြားခဲ့သည်။
"သူတို့က ကျွန်မတို့ကို လားရာအရပ်တိုင်းကနေ ဝိုင်းထားတာပါ။ ကျွန်မတို့ဟာ ဖိနပ်တောင်မစီးနိုင်ဘဲ ကလေးတွေနဲ့အတူထွက်ပြေးခဲ့ကြတာပါ"ဟု သူကဖြည့်စွက်ပြောကြားခဲ့သည်။