
PDFပါဝင်သောလက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့် အလင်းဝင်လာသူ ၂၀၃ ဦးအား မိဘထံပြန်လည်အပ်နှံပွဲကို စက်တင်ဘာလ ၇ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
PDFပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွင် ရောက်ရှိနေသောသူများအား ဥပဒေဘောင် အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုခြင်း၊ ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘထံပြန်လည်အပ်နှံပွဲကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးမှ ၂၀၃ ဦး သည် လက်နက်ငယ်မျိုးစုံ ၁ဝလက်၊လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၄၉၅တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၃လုံး၊ ၄ဝမမ ဗုံးသီး ၅လုံး၊ အီနာဂါဗုံးသီး ၁လုံး၊ စကားပြောစက် ၁ခုတို့ဖြင့် အလင်းဝင် ရောက်လာခြင်း ဖြစ်သည်။
အလင်းဝင်ရောက်လာသူများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး ဆုကြေးငွေထောက်ပံ့ခြင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးမှ အသိပညာပေးစကားပြောကြားခြင်းနှင့် လက်နက်အပ်နှံမှုများကိုလက်ခံကာ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
" PDFအပါအဝင် အဖွဲ့စည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အကြမ်းဖက်အုပ်စု များအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်များနဲ့အတူ အလင်းဝင်လာကြသူ ၂၀၃ ဦးကို လက်ခံကြိုဆိုခြင်းနဲ့ ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားဖြစ်ပါတယ်။ PDFအဖွဲ့စည်းအသီးသီးကနေ အလင်းဝင်ရောက်လာမှုများဟာ နယ်မြေအတွက်၊ ဒေသအတွက်သာမကဘဲ တိုင်းပြည်တည်ငြိမ်ချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အနှစ်သာရပြည့်ဝတဲ့ အခမ်းအနားဖြစ်ပါတယ်။ ယခုဥပဒေဘောင်တွင်းကို ရောက်လာကြသူတွေဟာဆိုရင် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖျက်စီးခြင်းစသည်တို့ကို လက်မခံနိုင်တော့ခြင်း၊ ရောက်ရှိရာအဖွဲ့တွေအတွင်းမှာပဲ လူမျိုးရေးခွဲခြားဆက်ဆံခြင်းနဲ့ အချင်းချင်းအနိုင်ကျင့် ဗိုလ်ကျနှိပ်စက်ခြင်း၊ အနေအစားဆင်းရဲပြီး ပင်ပန်းဆင်းရဲစွာ နေထိုင်လာရခြင်းတို့ကြောင့် စိတ်ဓါတ်ကျဆင်းလာခြင်း၊ အသေခံရမည့် နေရာတွေကိုသာ လုပ်ဆောင်စေခိုင်းခံရခြင်းစသည့် မှားယွင်းတဲ့လုပ်ရပ်တွေကို လက်မခံနိုင်တော့တာကြောင့် နိုင်ငံတော်နဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လက်ခံပြီး ငြိမ်းချမ်းစွာနေထိုင်လိုတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်တွေကို စွန့်လွှတ်ကာ ဥပဒေဘောင်တွင်း ပြန်လည်ဝင်ရောက်လာခြင်းပဲ ဖြစ်ပါတယ်" ဟု မန္တလေးဝန်ကြီးချုပ် ဦးမျိုးအောင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
၂၀၂၂ခုနှစ်မေလမှ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၇ ရက်ထိ (၅၁)ကြိမ်မြောက်ထိတိုင်အောင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်လာသူဥိီးရေ စုစုပေါင်း ၂၈၆၆ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။