
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၀ မိုင်အနီးတွင် Suzuki Ciaz ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်က နေပြည်တော်မှ ရန်ကုန်ဘက်သို့ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် Suzuki Ciaz အမျိုးအစား အဖြူရောင်ယာဉ်သည် လမ်းမကြီး မိုင်တိုင် ၃၀ မိုင် ၆ ဖာလုံနှင့် ၅ ဖာလုံအကြားသို့အရောက် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်း၏ ညာဘက်ခြမ်းရှိ ချောက်အတွင်း ရောက်ရှိတိမ်းမှောက်ပြီး ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအမျိုးသမီးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အမြန်လမ်းအသုံးပြုသူ ယာဉ်မောင်းများအနေဖြင့် ခရီးမထွက်မီ ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးရန်နှင့် သတ်မှတ် ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန် အဆိုပါအဖွဲ့က သတိပေးထားသည်။
အမြန်လမ်းပေါ်တွင် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်နှင့် ပစ်ကပ်ယာဉ်များကို တစ်နာရီလျှင် ၆၀ ကီလိုမီတာထက် မပိုသောအမြန်နှုန်းဖြင့် မောင်းနှင်ရန်၊ အထူးသဖြင့် လမ်းအကွေ့များတွင် သတိပြုမောင်းနှင်ကြရန် အသိပေးထားကြောင်း သိရသည်။