Eleven Media Group

ရုရှားနှင့်ဖြစ်နေသော စစ်ပွဲသည် ဆောင်းတွင်းအထိ ဆက်လက်ဖြစ်ပွား‌မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ပြောကြား

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲသည် ဆောင်းတွင်းအထိ ဆက်လက်ဖြစ်ပွားနေလိမ့်မည်ဟု ၎င်းမျှော်လင့်ကြောင်း ကိယက်ဗ်မြို့တွင် ဒေါ်နယ်ထရန့်၏ သံတမန်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ပြောကြားခဲ့သည်။

အမေရိကန်သံတမန်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်နှင့် ဂျာရတ်ကူရှ်နာတို့သည် ရုရှား၏ အင်အားအပြည့်သုံး သော ကျူးကျော်မှုဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းကို ပထမဆုံးအကြိမ်သွားခဲ့ပြီးနောက် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများသည် ကြီးမားမား အောင်မြင်မှုရရှိသည်ဟူသော ကြေညာချက်ကို ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးခဲ့သည်။

ဝစ်ကော့ဖ်က ပြောကြားရာတွင် ကိယက်ဗ်၌ ထိရောက်မှုရှိပြီး အရေးကြီးသော ဆွေးနွေးမှုများက မိမိကို အားတက်စေသည်ဟု ဆိုခဲ့သည်။

ဇယ်လန်းစကီးကမူ ရုရှား ပြန်လည်ကျူးကျော်ရန် အခွင့်အလမ်းမရှိသော တရားမျှတမှုရှိသည့် ငြိမ်းချမ်းရေး ကို အလိုရှိသည်ဟု ပြောကြားခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် နာရီပေါင်းများစွာကြာသည့် တံခါးပိတ်ဆွေးနွေးမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် ဇယ်လန်းစကီးက မိမိတို့သည် မကြာမီ နောက်ထပ်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရေးအတွက် ယူကရိန်း၊ ဥရောပ၊ အမေရိကန်တာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိခဲ့သည် ဟုပြောကြားခဲ့သည်။ သူတို့က ရုရှား၊ အမေရိကန်တို့နှင့် အတူသုံးပွင့်ဆိုင် ဆွေးနွေး‌ရေးကိုလည်း တောင်းဆိုခဲ့သည်ဟု ဆိုသည်။

"ဒီ‌ဆွေးနွေးပွဲမှာ ကောင်းမွန်နဲ့ဆုံးဖြတ်ချက် တစ်ရပ်ရှိလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်"ဟု ဝစ်ကော့ဖ်က ပြောကြားခဲ့ပြီး စေ့စပ်ဆွေးနွေးသူများသည် မော်စကိုတွင် တိုးတက်မှု အများအပြားရရှိခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းက စက်တင်ဘာ ၅ ရက် မော်စကို ဆွေးနွေးပွဲကို ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။။

မော်စကို ဆွေးနွေးပွဲအကြောင်းကို မေးမြန်းသည့်အခါ ကူရှ်နာက အမေရိကန်အဖွဲ့သည် ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးသော ထင်မြင်ယူဆချက် အများအပြားကို သုံးသပ်ခဲ့ပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် လိုအပ်သည့်အရာများကို စဉ်းစားရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

" အလွန်ကောင်းမွန်နဲ့အပြန်အလှန် ဆွေးနွေးမှုဖြစ်ပါတယ်။။ ပူတင်က မေးခွန်းအများအပြား မေးမြန်းခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း မေးခွန်းအများအပြား မေးမြန်းခဲ့ပါတယ်"ဟု ကူရှ်နာက ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်၏ သဘောထားကို ကြားရန်လိုအပ်သောကြောင့် မိမိတို့သည် ကိယက်ဗ်ကိုမသွားမီ ရုရှားသမ္မတနှင့် တွေ့ဆုံခဲ့သည်ဟု ဝစ်ကော့ဖ်က ပြောကြားသည်။

လက်ရှိအနေအထားအရ စစ်ပွဲက ဆောင်းတွင်းအထိ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ယူကရိန်းသည် လေကြောင်းရန် ကာကွယ်ရေးနှင့်စွမ်းအင်ထောက်ပံ့မှုတို့ လိုအပ်လိမ့်မည်ဟု ဇယ်လန်းစကီးက အလေးပေး ပြောကြားခဲ့သည်။

Ref:BBC,AFP photos See less

မူရင်းသတင်း — Eleven Media Group