Eleven Media Group

ပြည်​ထောင်စုလွှတ်​တော်နာယကက ဥက္ကဌအဖြစ်တာဝန်ယူထားသည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU)ဖွဲ့စည်းထား

ပြည်​ထောင်စုလွှတ်​တော်နာယကက ဥက္ကဌအဖြစ်တာဝန်ယူထားသည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU)ကို ပြည်​ထောင်စု လွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၆) ဖွဲ့စည်းထား​ကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းတွင်​ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU)တွင် ဥက္ကဌအဖြစ် ပြည်​ထောင်စုလွှတ်​တော်နာယက ဦး​အောင်လင်း​ဒွေး၊ ဒုတိယဥက္ကဌအဖြစ် ပြည်သူ့လွှတ်​​​တော်ဒုတိယဥက္ကဌဦးခင်ရီ၊ အတွင်း​ရေးမှုးအဖြစ် ပြည်​ထောင်စုလွှတ်​တော် ဒုတိယနာယက ဦးဂျဲန်ဖန်​နော်​တောင်(ခ)ဦး​နော်​တောင်၊ အဖွဲ့ဝင်များအဖြစ် တိုင်း​ဒေသကြီးနှင့် ပြည်နယ်လွှတ်​​တော်ဥက္ကဌများပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသည် လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ မှန်ကန်ခိုင်မာပြီး ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ အတွေ့အကြုံဖလှယ်မှုများ တိုးတက်လာ စေရေးနှင့် ဒီမိုကရေစီစနစ် ပိုမိုဖြစ်ထွန်းလာစေရေးတို့အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၈၄-ခ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပုဒ်မ ၄ တို့နှင့်အညီ ဖွဲ့စည်းခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ဥပဒေပြုခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ဆက်နွှယ်အကျုံးဝင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပါဝင်သည်။

ထို့ပြင် လွှတ်တော်အဖွဲ့၏ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည် မြှင့်တင်ရေးနှင့် လွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ဆွေးနွေး ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ညီလာခံ များနှင့် လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ လွှတ်တော်အဖွဲ့၏လုပ်ငန်းအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များကို လိုအပ်ပါက ဖွဲ့စည်းဆောင်ရွက်ခြင်း၊ လွှတ်တော်အဖွဲ့နှင့် နိုင်ငံတကာလွှတ်တော်များအဖွဲ့၊ အာဆီယံ ပါလီမန်များ ညီလာခံအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ရေး၊ ဆက်ဆံရေး ကိစ္စများကိုဆောင်ရွက်ခြင်းနှင့် ၎င်းအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်များ၊ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ပြည်သူများသိရှိစေရန် ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံလွှတ်တော်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်မှုများကို နိုင်ငံတကာ လွှတ်တော်များ သိရှိစေရန် ဆောင်ရွက်ခြင်းတို့လည်း MPU ၏ လုပ်ငန်းတာဝန်များတွင် ​ပါဝင်သည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ထမ်းဆောင်မှု သက်တမ်းနှင့်အညီ ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group