




ဟင်္သာတ၊ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စုတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်း ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေများဝင်ရောက်မှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားများကို သြဂုတ်လ ၄ ရက်နေ့ကစတင်၍ ယာယီဖြတ်တောက်ထားခဲ့ပါသည်။
ယခုအခါ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းသည့် ကျေးရွာများသို့ လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဟင်္သာတခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်သန်းသန်းအေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူထိန်းသိမ်းသော ဓါတ်အားပိတ်ထားသည့် တလုတ္ထော်နှင့် စာရေးကွင်းကြားရှိ ကျေးရွာ ၁၃ ရွာနှင့် လေးမျက်နှာမြို့ လျှပ်စစ်မှူးရုံးမှ တာဝန်ယူထိန်းသိမ်းထားသော ဓါတ်အားပိတ်ထားသည့် စာရေးကွင်းကျေးရွာသို့ ဓါတ်အားပြန်လည်ရရှိရေး လျှပ်စစ်ဝန်ထမ်းများနှင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန်ကစတင်၍ ဟင်္သာတမြို့နယ်အတွင်းရှိ လဟာပကျေးရွာအုပ်စုမှ လဟာပကျေးရွာတွင် (200 KVA)၊တောင်ပို့တန်းကျေးရွာ(100 KVA)၊ကညင်ငူကျေးရွာအုပ်စု ကညင်ငူကျေးရွာ(50KVA)၊ အုတ်ပုံကျေးရွာ(200 KVA)၊ လယ်ဦးစုကျေးရွာ၌(50 KVA) ကိုလည်းကောင်း၊ ဇရပ်ကွင်းကျေးရွာအုပ်စု ငနုတ်ဆည်ကျေးရွာ(50 KVA)၊ သင်္ကန်းတောကျေးရွာ(50 KVA) စသည့် ကျေးရွာ ၇ ရွာနှင့် လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာတို့တွင် လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
#Myanmar #News