Myanmar National Post

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ ယာဉ်နောက်လိုက်လုပ်သားဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းပေးရေးနှင့် ဆန်နှင့်ဆီများ ထောက်ပံ့


မြစ်ကြီးနား၊ စက်တင်ဘာ ၉

မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ သန့်ရှင်းရေးလုပ်သားများနှင့် ယာဉ်နောက်လိုက် လုပ်သားများ၏ ဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး၍ လုပ်သားများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမိုး၊ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့  လယ်ကုန်းရပ်ကွက်အတွင်းရှိ သန့်ရှင်းရေးလုပ်သားများနှင့် အမှိုက်သိမ်းယာဉ်နောက်လိုက်လုပ်သားများ နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများနှင့် ကျွန်းပင်သာရပ်ကွက်ရှိ စည်ပင်သာယာရေး ဝန်ထမ်းများ၏ အိမ်ရာများသို့ သွားရောက်ပြီး ဝန်ထမ်းအိမ်ရာများ၏ အခြေအနေများ၊ ဝန်ထမ်းအိမ်ရာရှိ ရေစင်များ၊ သန့်စင်ခန်းများ ကောင်းမွန်မှုရှိ/ မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဝန်ထမ်းအိမ်ရာများရှိ ရေစင်များ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းပေးရေး၊ သန့်စင်ခန်းများ အသစ်တည်ဆောက်ပေးရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးနှင့် ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိတို့က  လယ်ကုန်းရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်တို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ပြီး မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသော သန့်ရှင်းရေးလုပ်သားများနှင့် အမှိုက်သိမ်းယာဉ်နောက်လိုက်လုပ်သား စုစုပေါင်း (၆၇)ဦးတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြပြီး တစ်အိမ်ထောင်လျှင် ဆန် (၁၂)ပြည်ပါအိတ် တစ်အိတ်စီနှင့် ဆီ(၁)ပိဿာစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post