
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်ခိုးသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် ခိုးယူထားသည့် ဆိုင်ကယ် ၁၉ စီး ထပ်မံသိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
၂၀၂၆ ခုနှစ် မေ ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး(၂၈)နှစ်သည် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ ၎င်းပိုင် ၄၆ယ/၇၃၄၈၂ Honda Wave-100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အားဈေးအနီးရပ်တန့်၍ ဈေးဝယ်သွားခဲ့ပြီး ပြန်လာစဉ် ဆိုင်ကယ်ပျောက်ဆုံးခဲ့ကြောင်း သတင်းအရ ဆိုင်ကယ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မော်တော်ဆိုင်ကယ်)ဖြင့် အမှုရေးဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။
ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ လမင်းဇော်(၂၂)နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆)နှစ်တို့နှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိပြီး အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌ ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အသီးသီးမှ ဆိုင်ကယ် ၆ စီး၊ စုစုပေါင်းဆိုင်ကယ် ၁၉ စီးတို့အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး သက်သေခံဆိုင်ကယ် ၁၉ စီးအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသူ လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့နှစ်ဦးအား ခိုးမှုကျူးလွန်ရာမှရရှိသည့် သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုးမှုကျူးလွန်ခဲ့သည့် သက်ဆိုင်ရာနယ်မြေရဲစခန်း အသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုရေးဖွင့်ထားရှိပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။