
လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုးကာ မြစ်ရေစီးဝင်သည့်နေရာကို Sheet Pile ၂၈၂ ချောင်းဖြင့် ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းပြီး ကာရံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ တာတမံနိမ့်ကျပြီး ရေစီးကျော် ဝင်ရောက်သည့် နေရာတွင် Sheet Pile များရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ လမ်းဦးစီးဌာနတို့မှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများပေါင်းစပ်ပြီး Sheet Pile များရိုက်၍ ကာရံခြင်းလုပ်ငန်းများကို တွန်းသင်္ဘော လေးစီး၊ Barge တွဲ လေးစီး၊ ပဲ့ထောင်စက်လှေ လေးစီး၊ Excavator တစ်စီး၊ 50 Ton Crane နှစ်စီး၊ 25 Ton Crane နှစ်စီး၊ Vibro-Hammae With Double Jaw & Accessories လေးစုံ၊ Silent Piler+ Power Unit တစ်စုံ၊ 3.5 Ton Hummer Control Pannel တစ်စုံ၊ Generator သုံးလုံး၊ Air Compressor နှစ်လုံး စသည့် စက်/ယာဉ်/ယန္တရားများကို အသုံးပြု၍ နေ့ညဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာရံခြင်းလုပ်ငန်းတွင် Sheet Pile ၂၈၂ ချောင်းကို အသုံးပြု၍ ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းခဲ့ရပြီး ရိုက်သွင်းထားပြီးဖြစ်သည့် Sheet Pile များအား ပိုမိုခိုင်ခန့် အားကောင်းစေရန်အတွက် အချင်း1.35 မီတာရှိ Stand Pipe လေးလုံး၊ H Beam 400 mm x 400 mm(၆၃)ချောင်းတို့ဖြင့် ကျားကန်ခြင်း၊ ဒေါက်ကန်ခြင်း၊ Welding တွဲဆက်ခြင်း၊ ချုပ်တန်းများ ချုပ်ခြင်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်နှင့် လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ်တို့မှ အနီးကပ်ကြီးကြပ်၍ အင်ဂျင်နီယာနှင့် ဝန်ထမ်းစုစုပေါင်း ၂၃၄ ဦးဖြင့် နေ့ဆိုင်း ညဆိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် Sheet Pile များ ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှစ၍ လုပ်ငန်းခွင်သို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခြင်း၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို လမ်းညွှန်မှာကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ဆောလျင်စွာ ပြီးစီးရေးတို့ကို စီမံဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ထောက်ပံ့ပေးခြင်း၊ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ ၊ အလုပ်သမားများကို အားပေးစကား ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေစီးကျော်ဝင်ရောက်သည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ကာရံခြင်းလုပ်ငန်းတွင် အပြီးသတ်ရိုက်သွင်းမည့် Sheet Pile အား အမွေးနံ့သာများ ပက်ဖြန်းပေးပြီး ရိုက်သွင်းခဲ့ကြောင်း၊ ရေစီးကျော် ဝင်ရောက်သည့် နေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရေစီးကျော်ဝင်ရောက်မှုကို တားစီးနိုင်သော်လည်း အပြင်ရေနှင့် အတွင်းရေ ကွာခြားချက်များလာသည်နှင့်အညီ ကာရံထားသည့် Sheet Pile များ ခိုင်ခန့်မှု အားနည်းလာနိုင်ပါသဖြင့် Sheet Pile များနောက်တွင် ချုပ်တန်းများ၊ ဒေါက်တန်းများ၊ ကျားကန်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေစီးကျော်ဝင်ရောက်မှုအား အလုံးစုံပိတ်နိုင်ရန်အတွက် သဲအိတ်များ ချခြင်း၊ Sheet Pile များ၏ အောက်ခြေတွင် Scour မဖြစ်စေရန် Jumbo bag သဲအိတ်များချခြင်း၊ Inclination ထောက်များဆောင်ရွက်ခြင်း၊ Sheet Pile များအား ထောက်ထားသော H Beam များ၏ ဝရိန်သားများအား နေ့/ည မပြတ်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အားနည်းသော အပိုင်းအား ပြန်လည်အားဖြည့်ဆောင်ရွက်ခြင်း၊ ရေလမ်းကြောင်းအား အဟန့်အတားဖြစ်စေရန် Concrete Sinker တုံးများချပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဝင်ရောက်မှုကို ပိတ်သိမ်းနိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ရေဝင်လမ်းကြောင်း အနီးသို့ သဲမှုတ်တင်ခြင်းများ၊ သဲ၊ ကျောက်တို့အား ပိုက်ကွန်ထဲထည့်သွင်း၍ ချခြင်းလုပ်ငန်းများ၊ Geo-bags အိတ်ကြီးများ ချထားခြင်းလုပ်ငန်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။