Eleven Media Group

■ ထိုင်းမူကြိုကျောင်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်သဖြင့် ဇနီးသည်သေဆုံးပြီး ကလေးများအားလုံး ဘေးကင်း

စက်တင်ဘာ ၉ ရက်က ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ မူကြိုကျောင်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဆရာမဇနီးသည်ထံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရောက်လာပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပြီးနောက် ကျောင်းရှိကလေးအားလုံး ဘေးကင်းစွာ ရှိနေကြကြောင်း တာဝန်ရှိသူများက ပြောသည်။

ဒေသခံရဲတပ်ဖွဲ့ဝင်ဖြစ်သည့် သေနတ်သမားက နံနက် ၁၀ နာရီခွဲခန့်တွင် ကျောင်းသို့ရောက်လာပြီး ဇနီးဖြစ်သူနှင့် ပြောဆိုခဲ့ပြီးနောက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ စာသင်ခန်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့်အတွက် ကလေးများက ပစ်ခတ်မှုကို မမြင်တွေ့ခဲ့ကြောင်း သိရသည်။

ထို့နောက် သေနတ်သမားသည် အိမ်သို့ပြန်သွားခဲ့ပြီး ကျောင်းရှိကလေးအားလုံးကိုလည်း မိဘများက လာခေါ်သွားခဲ့ကြသည်။

ချွန်ဘူရီပြည်နယ်အုပ်ချုပ်ရေးမှူး နာရစ် နီရာမိုင်ဝုန်၏ Facebook ဖော်ပြချက်အရ ကလေးငယ် ၄၄ ဦး၊ ဆရာဆရာမသုံးဦးနှင့် ဝန်ထမ်းသုံးဦးတို့ကို ကျောင်းမှ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

သေနတ်သမား ပြန်သွားခဲ့သည့်နေအိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းထားပြီး ၎င်းကို လက်နက်ချရန် ညှိနှိုင်းဆွေးနွေးနေသည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။ ပစ်ခတ်သည့်ရည်ရွယ်ချက်ကို မသိရသေးပေ။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ သေနတ်ပိုင်ဆိုင်မှုနှုန်း မြင့်မားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်ကလည်း ထိုင်းမြောက်ပိုင်းရှိ မူကြိုကျောင်းတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သေနတ်နှင့် ဓားကိုင်ဆောင်ကာ တိုက်ခိုက်ခဲ့မှုကြောင့် ကလေး ၂၄ ဦးနှင့် လူကြီး ၁၂ ဦး သေဆုံးခဲ့သည်။

Source: AFP
Photo: Facebook

မူရင်းသတင်း — Eleven Media Group