
အီရန်သည် အရှေ့အလယ်ပိုင်းနှင့်အခြားနေရာများ၌ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားရန် ကြိုးပမ်းမှုများကို သိသိသာသာတိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် အမျိုးသားထောက်လှမ်းရေးအကြီးအကဲ ဂျေးကလေတန်က အောက်တိုဘာ ၂၃ ရက်တွင် သတိပေးခဲ့သည်။
ယီမင်၏ ဟူရ်သီတို့ထံမှ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပြီးနောက် ဝါရှင်တန်က မရှိမဖြစ်မဟုတ်သော သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ ယခုအပတ်ထဲတွင် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာကြရန် ညွှန်ကြားခဲ့ပြီးနောက် ဂျေးကလေတန်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျသည် အီရန် အကူအညီပေးနေသော ဟူရ်သီအုပ်စု၏တိုက်ခိုက်မှုများကို ယခုလထဲတွင် နေ့စဉ်နီးပါးခံနေရသည်။ ဆော်ဒီမြို့တော် ရီးယာ့ဒ်၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခံခဲ့ရသည်။
"အီရန်ဟာ အမေရိကန်သံတမန်တွေနဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထားတာတွေကို သိသိသာသာတိုးမြှင့်လုပ်ဆောင်လာတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ် "ဟု ဂျေးကလေတန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံပေးပို့ခဲ့သည့် အသိပေးအစီရင်ခံစာ (memo) တွင် ဖော်ပြခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Axios သတင်းဌာနက ပထမဆုံးဖော်ပြခဲ့သော ယင်းအသိပေးအစီရင်ခံစာတွင် ဖော်ပြထားသည်မှာ အီရန်နိုင်ငံသားများက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုးရွားသော ကြိုးပမ်းအားထုတ်မှုများသည် အရှေ့အလယ်ပိုင်းတွင်လည်းကောင်း၊ အခြားနိုင်ငံအချို့တွင်လည်းကောင်း အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဟု ဖော်ပြထားသည်။
ဝါရှင်တန်က အီရန်ကို မတိုက်မီ မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများ ပင်လယ်ကွေ့မှ ထွက်ခွာကြရန် ယခင်တုန်းက ညွှန်ကြားခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတက အီရန်ကို တိုက်ခိုက်မှုအသစ်များ ဆက်တိုက်လုပ်မည့်ကိစ္စအား မပယ်ဖျက်မီ ဇူလိုင်လတုန်းကလည်း ယင်းသို့ ထပ်မံညွှန်ကြားခဲ့ဖူးသည်။
"ကျွန်တော်တို့ရဲ့သံရုံးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့က လုံခြုံရေးပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သတင်းအသစ်တွေကို စဉ်ဆက်မပြတ် စိစစ်နေတာပါ"ဟု အမေရိကန် တာဝန်ရှိသူက ပြောကြားခဲ့သည်။
"ဟူရ်သီတိုက်ခိုက်မှုတွေရဲ့ခြိမ်းခြောက်မှုနဲ့ အမေရိကန်တာဝန်ရှိသူတွေကို ပစ်မှတ်ထားတဲ့ အီရန် အကြမ်းဖက်လျှို့ဝှက်အကြံအစည်းတွေရဲ့ခြိမ်းခြောက်မှုတို့ဟာ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကို သရုပ်ဖော်ပြနေပါတယ်"ဟု ယင်းတာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။
အမေရိကန်က အီရန်ကို စစ်ဆင်ရေးများ ပြန်လုပ်ကောင်းလုပ်နိုင်သည်ဟု အောက်တိုဘာ ၂၃ ရက်တွင် ထရန့်က အရိပ်အမြွက်ပြောခဲ့သည်။
Ref: AFP
photos: AFP