
ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာမှု၊ အခြေအနေ ပိုဆိုးလာနိုင်သည့် စိုးရိမ်မှုများ မြင့်တက်လာမှုတို့ကြောင့် အမေရိကန်သံတမန်အချို့နှင့် အမေရိကန်အစိုးရဝန်ထမ်းများ၏ မိသားစုဝင်များ ဆော်ဒီအာရေဗျမှ ပြန်လည်ထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၁ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ အမေရိကန်သံရုံးနှင့် ၎င်း၏လက်အောက်ခံ ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် အရေးတကြီးဝန်ထမ်း မဟုတ်သူများကို ဆော်ဒီမှထွက်ခွာရန် သတိပေးထားသည်။
အီရန်စစ်ပွဲစတင်ချိန် ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရပြီး အကြီးအကျယ်ပျက်စီးခဲ့ပြီးနောက် လအတန်ကြာ ဝန်ထမ်းအနည်းငယ်ဖြင့်သာ လုပ်ငန်းလည်ပတ်ခဲ့ရသည်။ သို့သော် မကြာသေးမီလများအတွင်း သံတမန်အချို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျကို တိုက်ခိုက်ရာတွင် အရပ်ဘက်လေဆိပ်များနှင့် အရေးကြီး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း ၊ ထိုသို့တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးထိခိုက်ခဲ့သည့်အပြင် ခရီးသွားလာရေးလည်း ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း ဆိုထားသည်။ ထို့ပြင် လက်ရှိတိုက်ခိုက်မှုများသည် သက်ဆိုင်ရာဒေသတစ်ဝိုက်ကို ကျော်လွန်၍ အလျင်အမြန် ကျယ်ပြန့်လာနိုင်ကြောင်းလည်း သတိပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆော်ဒီနှင့်ပတ်သက်သည့် ခရီးသွားသတိပေးချက်ကို အမေရိကန်က ထုတ်ပြန်ခဲ့ပြီး အလားတူသတိပေးချက်များ ပါဝင်ခဲ့သည်။ အမေရိကန်အစိုးရ ဝန်ထမ်းများအနေဖြင့် ဆော်ဒီရှိ မည်သည့်လေဆိပ်ကိုမဆို အသုံးပြုရန် အထူးခွင့်ပြုချက် ယူရမည်ဟုလည်း ဖော်ပြထားသည်။ ဟူသီအဖွဲ့သည် ရီယာ့ဒ်မြို့ရှိ King Khalid နိုင်ငံတကာလေဆိပ်ကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
သံတမန်များ ထွက်ခွာရန် ယခုညွှန်ကြားချက်က ဆော်ဒီအတွက်ဖြစ်ပြီး အခြားပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်သံရုံးများတွင်လည်း ဝန်ထမ်းဆိုင်ရာ ယာယီအပြောင်းအလဲများ ရှိလာမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
Ref: AP