Eleven Media Group

■ တရုတ်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုဖိုရမ် ကျင်းပ

တရုတ်နိုင်ငံ ဟီပေပြည်နယ် ရှုံအန်းမြို့တွင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုဖိုရမ်ကို အောက်တိုဘာ ၂၃ ရက်က စတင်ကျင်းပခဲ့ပြီး နိုင်ငံတကာမှ အရာရှိများ၊ ကျွမ်းကျင်သူများနှင့် မူဝါဒချမှတ်သူများ တက်ရောက်ခဲ့ကြသည်။

အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာကျင်းပသည့် အဆိုပါဖိုရမ်ကို နိုင်ငံပေါင်း ၉၀ ကျော်မှ ဧည့်သည် ၁၈၀ ကျော်နှင့် တရုတ်နိုင်ငံမှ ပါဝင်တက်ရောက်သူ ၁၈၀ ကျော်ရှိကာ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်သမ္မတရှီကျင်းပင် ပေးပို့ခဲ့သည့် ဝမ်း‌မြောက်ကြောင်းသဝဏ်လွှာကို ဖတ်ကြားပြခဲ့သည်။

အဆိုပါသဝဏ်လွှာအတွင်း ရှီက ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအစဉ် (Global Governance Initiative) ကို အကောင်အထည်ဖော်ရန်၊ ပိုမိုတရားမျှတပြီး ညီမျှမှုရှိသော ကမ္ဘာ့အုပ်ချုပ်ရေးစနစ်နှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ရန်၊ သို့မှသာ မငြိမ်မသက်မှုများနှင့် အပြောင်းအလဲများ ပြည့်နှက်နေသော ကမ္ဘာကြီးသို့ ပိုမိုခိုင်မာသော သေချာမှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များကို ဆောင်ကြဉ်းပေးနိုင်‌ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မိန့်ခွန်းတွင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် အသိပညာ၊ သီအိုရီနှင့် အကြံဉာဏ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု သုတေသနစင်တာတစ်ခု တည်ထောင်ခြင်း အပါအဝင် လက်တွေ့ကျသော လုပ်ငန်းစဉ် အစီအစဉ်များကို ကြေညာခဲ့သည်။

တရုတ်နိုင်ငံသည် Shanghai Cooperation Organization Plus အစည်းအဝေးအတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအစီအစဉ်ကို အဆိုပြုခဲ့သည်။

အဆိုပါ အစီအစဉ်သည် အချုပ်အခြာအာဏာ ညီမျှမှု၊ နိုင်ငံတကာရေးရာများတွင် တရားဥပဒေစိုးမိုးမှု၊ ပေါင်းစုံပါဝင်မှု၊ ပြည်သူကို ဗဟိုပြုသော ချဉ်းကပ်မှုနှင့် လက်တွေ့ကျသော ဆောင်ရွက်မှုဟူသည့် မူငါးရပ်အပေါ်တွင် အခြေခံထားသည်။

မူရင်းသတင်း — Eleven Media Group