
ဟော်မုဇ်ရေလက်ကြားအကျပ်အတည်း နက်ရှိုင်းလာချိန်တွင် အီရန်နှင့် အမေရိကန်တို့ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
အီရန်ရေနံတင်သင်္ဘောများအား အမေရိကန်၏တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က စက်တင်ဘာ ၉ ရက်တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို လောလောလတ်လတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရန်ဘက်နှစ်နိုင်ငံသည် စစ်ပွဲနက်နက်ရှိုင်းရှိုင်းဖြစ်ပွားလာခြင်းဖြစ်သည်။
အီရန်၏ သြဇာကြီးမားသော တော်လှန်ရေးအစောင့်တပ်က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့ရာ၌ ၎င်းတို့သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးပမ်းနေသော အမေရိကန်သင်္ဘော အစင်း ၂၀ ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်နှင့် အီရန်တို့သည် မတိုးသာမဆုတ်သာဖြစ်နေသော ခြောက်လကြာစစ်ပွဲတွင် ချောင်ပိတ်မိနေကြသည်။ အီရန်က ဟော်မုဇ်ရေလက်ကြားကို အမာခံနယ်မြေအဖြစ် ဆက်လက်ထိန်းချုပ်ထားပြီး အမေရိကန်က အီရန်၏ ဆိပ်ကမ်းများနှင့် စီးပွားရေးတို့ကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည်။
လွန်ခဲ့သော တစ်ရက်က အီရန်ရေနံတင်သင်္ဘောငါးစင်းကို ဖျက်ဆီးခဲ့သော အမေရိကန်တပ်ဖွဲ့များကို လက်တုံ့ပြန်မှုအဖြစ် ဂျော်ဒန်နိုင်ငံတွင်ရှိသော အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုကို မိမိတို့ တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအစောင့်တပ်က စက်တင်ဘာ ၉ ရက်တွင်ပြောကြားခဲ့သည်။
အီရန်၏ တော်လှန်ရေးအစောင့်တပ်က ဂျော်ဒန်ရှိ Al-Azraq လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အီရန်ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည် ၁၈ စင်းကို ပစ်ချခဲ့သည်ဟု ဂျော်ဒန်စစ်တပ်က ပြောကြားခဲ့သည်။
အီရန်က တစ်ပတ်မပြည့်မီ အမေရိကန်စစ်သင်္ဘောကို ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ရေနံတင်သင်္ဘောငါးစင်းကို တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
ရေနံဈေးများသည် အာရှ နံနက်ပိုင်းကုန်သွယ်မှုတွင် တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်သွားခဲ့သည်။
Ref: AFP
photos: AFP