Eleven Media Group

အောက်ပုဇွန်တောင် လမ်းမကြီးပေါ်တွင် အညစ်အကြေးမစင်ထုတ်များ ပစ်ချသွားသဖြင့် လူမှုကူညီရေးအသင်းအချို့က လမ်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ရ

အောက်ပုဇွန်တောင် လမ်းမကြီးပေါ်တွင် အညစ်အကြေး မစင်ထုတ်များ ပစ်ချသွားသဖြင့် လူမှုကူညီရေးအသင်းအချို့က လမ်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။

စက်တင်ဘာ ၉ ရက်ညပိုင်းက ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းမကြီးတွင် မစင်ထုတ်များ ပစ်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

" အောက်ပုဇွန်တောင် လမ်းမကြီးမှာ ညဖက်ကြီး မစင်ထုတ်တွေ ပစ်ချသွားတာ။ ကားတွေက မသိတော့ တက်ကြိတ်မိပြီး အကုန်ပြန့်ကြဲကုန်တယ်။ ပတ်ဝန်းကျင်ကအကူအညီတောင်းခံတာနဲ့ ညတွင်းချင်း လမ်းသန့်ရှင်းရေးလုပ်လိုက်တယ်။ နံလည်းနံ ညစ်လည်းညစ်ပတ်တယ်။ အဓိက ရောဂါပိုးတွေ မပြန့်ပွားအောင်လို့ အတတ်နိုင်ဆုံး ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ အညစ်အကြေးများ လမ်းပေါ်တွင် ပစ်ချထားခဲ့မှုကြောင့် ဒေသခံများမှာ ဝမ်းရောဂါကဲ့သို့ ကျန်းမာရေးထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မစင်များ လမ်းပေါ်တွင် ပစ်ချထားခဲ့မှုကြောင့် လူမှုကူညီရေးအသင်းများက လမ်းသန့်ရှင်းရေးအတွက် ရေဖြန်းဆေးကြောခြင်းများ၊ ထုံးမှုန့်ဖြူးခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group