
■ဖြစ်စဉ်ကြောင့် လေယာဉ်ပြေးလမ်း၊ ယာဉ်နှင့် လူထိခိုက်မှုမရှိ၊ Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား အများပြည်သူ အန္တရာယ်ကင်းရှင်းစေရန် စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ရ
တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် FPV suicide drone ခြောက်စင်းဖြင့် တိုက်ခိုက်ခံရကာတိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ပြီး Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား အများပြည်သူ အန္တရာယ်ကင်းရှင်းစေရန် စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone (၆)စင်းဖြင့် PDF ပူးပေါင်းအဖွဲ့များက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေး တာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့ သည်ဟု သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များ တွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေ ရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်းပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ယခု လုပ်ရပ်များအား ဆောင်ရွက်ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
PDF ပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံး များဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။