Eleven Media Group

မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical Schoolမှ နှလုံးနှင့်သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများပူးပေါင်း ပြုလုပ်

မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical Schoolမှ နှလုံးနှင့်သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများပူးပေါင်း ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ Dr. Feng Wan (Chairman and Professor, Department of Cardiovascular Surgery Center) ဦးဆောင်သော အဖွဲ့ဝင်ငါးဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုဌာနနှင့်ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးသွေးကြောပိတ်လူနာခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery)ဖြင့် ခွဲစိတ်ကုသပေးခဲ့ရာ ၎င်းလူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန် လျက်ရှိသည်။

ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာနနှင့်ပူးပေါင်း၍ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုများဆောင်ရွက်လျက်ရှိရာ ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး နှလုံးခွဲစိတ်ကုသမှုများနှင့် နှလုံးနှင့်သွေးကြော ခွဲစိတ်ပညာဘွဲ့လွန်ကျောင်းသား ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့်နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု (၁၅)ခုနှင့် ၂၀၂၆ခုနှစ်၊ ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု (၄၀)တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group