Myanmar National Post

ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်













ပဲခူး စက်တင်ဘာ ၁၁

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆု၊ အထူးဆုရရှိသူများကိုသာမက အနုပညာရပ်များအပေါ် မြတ်နိုးတန်ဖိုးထားပြီး စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့ကျင့်လိုစိတ်ရှိနေစေရေးအတွက် အခြားပြိုင်ပွဲ ဝင်များကိုလည်း ထိုက်တန်သည့်ချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အဆင့်မှ ရွေးချယ်ခံထားရသူများအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အဆင့်အတန်း ပိုမိုမြင့်မားသဖြင့် အမှတ်ပေး စံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြ ယှဉ်ပြိုင်နိုင်မှသာ ထိုက်တန်သည့် ဆုတံဆိပ်များရရှိနိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးမြို့၌ စခန်းသွင်းလေ့ကျင့်ရာတွင် ဝါရင့်သမ္ဘာရင့် အနုပညာရှင်များ၊ အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထားသူများ၊ ဝါသနာကို အရင်းတည်၍ လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသူများ၏ စနစ်တကျသင်ကြားပြသပေးမှု များကို မှတ်သားလိုက်နာ၍ စခန်းဝင်လေ့ကျင့်သည့်အချိန်မှစတင်၍ နိုင်ငံတော်အဆင့် ပြိုင်ပွဲပြီးဆုံးသည် အချိန်ထိ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ခရိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ပြိုင်ပွဲဝင် ပထမဆုရရှိသူများအား ရွှေတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ များအား ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြ သည်။

ထို့နောက် ပြိုင်ပွဲဝင်များက သက်ဆိုင်ရာဘာသာရပ်အလိုက် သီဆို၊ တီးခတ်၊ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ်ပေးခဲ့ကြသည့် နည်းပြနှင့် ဒိုင်အဖွဲ့များအတွက် အမှတ်တရဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ကာ ဂုဏ်ပြုဆုရရှိသည့် ပြိုင်ပွဲဝင်များနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၂၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အထူးဆု(၄၂)ဆု၊ ပထမဆု (၅၈)ခု၊ ဒုတိယဆု(၅၈)ခု၊ တတိယဆု(၃၀)ခုနှင့် နှစ်သိမ့်ဆု(၂၅)ဆု စုစုပေါင်း(၂၁၃)ခုနှင့် ဂုဏ်ပြုငွေသား ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post