Eleven Media Group

■ PDF များ ဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်းဓာတ်အားလိုင်း ပြုပြင်ပြီးစီး၍ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အား ၇၅ မဂ္ဂါဝပ် ပြန်လည်ပို့လွှတ်

PDF များ ဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်းဓာတ်အားလိုင်း ပြုပြင်ပြီးစီး၍ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အား ၇၅ မဂ္ဂါဝပ်ပြန်လည်ပို့လွှတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

PDF များသည် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်း ဓာတ်အားလိုင်းအား၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ တာဝါတိုင် ၁၁ တိုင် ပြိုလဲပျက်စီးခဲ့ရာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံ၏ ထုတ်လုပ်မှု ၇၅ မဂ္ဂါဝပ်အား ပို့လွှတ်နိုင်ခြင်းမရှိတော့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ဒေသတွင်းမြို့များ၌ အချိန်ပိုင်းဓာတ်အားဖြတ်တောက်၍ ဓာတ်အားဖြန့်ဖြူးခဲ့ရကြောင်း သိရသည်။

ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဝန်ထမ်းအင်အား ၃၀၀ တို့က ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်အပြင် ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြုပြင်ပြောင်းလဲချိတ်ဆက်နိုင်ခဲ့မှုကြောင့် စုစုပေါင်း မဂ္ဂါဝပ် ၈၀ ခန့် တစ်ရက်လျှင် ယူနစ် ၃ ဒသမ ၂ သန်းကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ တိုးမြှင့်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဓာတ်အားပမာဏသည် တစ်ရက်လျှင် လူဦးရေ ၃ ဒသမ ၅ သန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် ပမာဏဖြစ်ပြီး ရန်ကုန်မြို့တွင် တစ်ရက် ၈ နာရီခန့် ဝန်အားထိန်းညှိ၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် မလိုတော့ဘဲ စက်တင်ဘာ ၉ ရက်မှစတင်၍ ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်ချိန်မှအပ ၂၄ နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group