Eleven Media Group

■ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား မူးယစ်တရားခံပြေး သုံးဦးကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး တာချီလိတ်မြို့၌ တိမ်းရှောင်နေသူ တရားခံပြေး သုံးဦးကို ဖမ်းဆီးပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ နှစ်ဖက်နိုင်ငံမှ မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော အလိုရှိတရားခံပြေးများ ဖမ်းဆီးရမိရေး အပြန်အလှန် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၁ ရက်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိနေအိမ်၌ ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး Mr. Boy Lueansiri ၊ Ms. Kulapom Makvemal နှင့် ဇူလိုင် ၁၇ ရက်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်၌ ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး Mrs. Chonlanat(ခ) Budsanee Insuwan တို့ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ပြစ်မှုဖြင့် အဓိကအလိုရှိတရားခံပြေး သုံးဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၇ (၂) အရ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး သုံးဦးအား စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာ-ထိုင်း နယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်သောအဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးချုပ် Pol. Maj. Suriya Singhaka-mol ဦးဆောင်သည့် အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့ပြင် တာချီလိတ်မြို့နယ်၌ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး Mr.Charong Montim ၊ Mr. Veerarit Lekkul (ခ) Num နှင့် Mr. Arnon Janta (ခ) Oak ၊ ပြန်ပေးမှုဖြင့် အလိုရှိတရားခံပြေး Mr. Veerarit Lekkul (ခ) Num ၊ အထောက်အထားမဲ့နေထိုင်သူ Mr. Piyapat Kongkuea နှင့် Ms. Nuchanat Suwannakon တို့ ခြောက်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၇ (၂) အရ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့သဖြင့် တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တာချီလိတ်မြို့နယ် လဝကမှူး ဦးစိုင်းဝင်းလတ်ထွန်းက ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးမှူး Pol.Lt.Col. Oattarapong Chucheun ထံသို့ ဆက်လက်လွှဲပြောင်းပေးခဲ့သည်။

နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ မူးယစ်ဆေးဝါးပြစ်မှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကျူးလွန်ပြီး နယ်စပ်ဒေသများ၌ ထွက်ပြေးတိမ်းရှောင်ကာ မှုခင်းများထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group