Eleven Media Group

တောင်ငူမြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ငွေအနုတ်လဲပေးမည်ဟုဆိုကာ တို့ဆေးဟုယူဆရသောနည်းလမ်းသုံး၍ ငွေကျပ် ၃ သိန်း လိမ်လည်ယူဆောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ၆ လမ်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁၀ ရက်က ငွေအနုတ်လဲပေးမည် ဟုဆိုကာ ဆိုင်အတွင်းဝင်ရောက်လာသူ အမျိုးသမီးတစ်ဦးက တို့ဆေးဟုယူဆရသောနည်းလမ်းသုံး၍ ငွေကျပ် ၃ သိန်း လိမ်လည်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ဆိုင်အတွင်းသို့ ပထမအကြိမ်ဝင်ရောက်လာချိန်တွင် ဆိုင်၏အခြေအနေများကို လေ့လာ သကဲ့သို့ ပြုမူခဲ့ပြီး နောက်ပိုင်းတွင် နှစ်ရက်ခြားခန့်ဖြင့် ဆိုင်သို့ ပြန်လည်လာရောက်ကာ ပစ္စည်းများ ဝယ်ယူခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ဆိုင်တွင် ငွေအနုတ်လဲရန်လိုအပ်နေသည်ကို သိရှိသွားခဲ့ကြောင်း Phoo Myat Thwe အကောင့်မှ Cctv မှတ်တမ်းတမ်းပုံများဖြင့် လူမှုကွန်ရက်တွင်သတိပေးရေးသားချက်များအရ သိရသည်။

ထို့နောက် အဆိုပါအမျိုးသမီးမှ နောက် ၃ ရက်ခန့်တွင် တစ်ကြိမ်ထပ်မံလာရောက်ပြီး ငွေအနုတ်လဲပေးမည်ဟုဆိုကာ ဆိုင်အတွင်း ဝင်ရောက်ခဲ့ကြောင်း၊ အမျိုးသမီးလာရောက်ချိန်မှာ ဆိုင်ရှိဝန်ထမ်းများ ထမင်းစားချိန်နှင့် ဆိုင်အတွင်း လူရှင်းပြီး ဝန်ထမ်းနည်းပါးသည့် အချိန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ငွေအနုတ်လဲလှယ်ရန် ငွေများကို ရေတွက်ခြင်း နှင့် အပြန်အလှန်ပြောဆိုခြင်းများ ပြုလုပ်နေစဉ် ဆိုင်ဝန်ထမ်းများမှာ ခဏတာအတွင်း ဘာလုပ်ရမည်၊ ဘာကိုင်ရမည် မသိသကဲ့သို့ ကြောင် တောင်တောင်အခြေအနေ ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားကာ အနုတ်လဲပေးသည့် အမျိုးသမီးပြန်သွားပြီးနောက် ဆိုင်မှ ငွေများကို ပြန်လည်စစ်ဆေးရာ ငွေအနုတ်လဲလှယ်ရာတွင် ငွေကျပ် ၃ သိန်းခန့် လျော့နည်းနေကြောင်း သိရှိခဲ့ရသည်ဟု သတိပေး ရေးသားချက်များအရ သိရသည်။

​လိမ်လည်သွားသူ အမျိုးသမီးမှာ မော်တော်ယာဉ်ဖြင့် လာပြီး၊ iPhone ကိုင်ဆောင်ကာ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသူဖြစ်ကြောင်း သိရပြီး၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့ရှိ ဆိုင်ရှင်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းအင်အား နည်းပါးသည့် ဆိုင်များအနေဖြင့် ကားစီး၍ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားရုံဖြင့် လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် ငွေကြေးလဲလှယ်ရာတွင် အထူးသတိပြုကြပါရန် သတိပေး နှိုးဆော်ထားခြင်းဖြစ်သည်။

ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group