
တရုတ်နိုင်ငံက ဦးဆောင်သည့် အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာနှင့် တယ်လီကွန်းနည်းပညာသုံး လိမ်လည်မှုများ ပူးတွဲနှိမ်နင်းရေး မဟာမိတ်အဖွဲ့ (International Alliance Combating Telecom and Cyber Fraud) စတင်တည်ထောင်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ် လျန်ယွန်းကန်မြို့၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တည်ထောင်သူ ၄၆ နိုင်ငံ၊ လေ့လာသူ ၃၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) အပါအဝင် နိုင်ငံတကာအဖွဲအစည်း ၄ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မဟာမိတ်အဖွဲ့ကို စတင်ဦးဆောင်ဖွဲစည်းခဲ့သည့် တရုတ်နိုင်ငံအပါအဝင် ဗီယက်နမ်၊ လာအို၊ ကင်ညာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး INTERPOL အဖွဲ့မှ ကိုယ်စားလှယ်ကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
တက်ရောက်လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးအတွက် တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို အသိအမှတ်ပြုခဲ့ကြပြီး ယခုကဲ့သို့ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း ပြန့်နှံနေသည့် ဆိုက်ဘာနှင့် တယ်လီကွန်းလိမ်လည်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် တက်ရောက်လာသူများအားလုံး ပူးပေါင်းပြီး ဆိုက်ဘာနှင့် တယ်လီကွန်းလိမ်လည်မှုများ ပူးတွဲနှိမ်နင်းရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့ စတင်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ကြေညာချက်၌ တယ်လီကွန်းနှင့် ဆိုက်ဘာလိမ်လည်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသဖြင့် နိုင်ငံတကာ သဘောတူညီချက်များအပေါ် အခြေခံ၍ ပိုမို အာရုံစိုက်မှုရှိပြီး ကျွမ်းကျင်ထိရောက်သည့် အစိုးရချင်းဆက်စပ် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် အလွန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ယခု မဟာမိတ်အဖွဲသည် တရုတ်အစိုးရ၏ "ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဦးဆောင်လှုပ်ရှားမှု" (Global Security Initiative) နှင့် "ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး ဦးဆောင်လှုပ်ရှားမှု" (Global Governance Initiative) အစီအစဉ်များအောက်မှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ပြစ်မှုများကို နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အဖွဲအစည်းများ ပူးပေါင်းပြီး ပိုမို ထိရောက်စွာ တုံပြန်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။