Eleven Media Group

■ ဘာရှာအာဆက်လက်ထက်က မြို့ရွာများကိုဗုံးကြဲခဲ့သည့် ဗိုလ်ချုပ်သုံးဦး အပါအ၀င် လေယာဉ်မှူးဟောင်းကိုးဦးကို ဆီးရီးယား ဖမ်းဆီး

ဘာရှာအာဆက်၏အစိုးရဟောင်းလက်ထက်က မြို့ရွာများကို ပြင်းထန်သည့်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟုစွပ်စွဲခံရသည့်ဗိုလ်ချုပ် သုံးဦးအပါအဝင် လေယာဉ်မှူးဟောင်းကိုးဦးကို ဖမ်းဆီးခဲ့သည်ဟု ဆီးရီးယားအာဏာပိုင်များကစက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

လူ့အသက် သန်းတစ်၀က် သေဆုံးခဲ့သည့် ၁၃ နှစ်ကျော်ကြာမြင့်သော ပြည်တွင်းစစ်တွင် ဆီးရီးယားတပ်ဖွဲ့များက သူပုန်များ ထိန်းချုပ်ထားသောဒေသများအား မရပ်မနား ဗုံးကြဲခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် အာဆက်ပြုတ်မကျမီ၊ လက်ရှိ အစ္စလာမ်မစ်အစိုးရ အာဏာမရမီ ဆီးရီးယားတပ်ဖွဲ့များက ‌ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား အနောက်ပိုင်း လာတာကီးယားတွင် စစ်ဆင်ရေးများ ဆက်တိုက် လုပ် ဆောင်ခဲ့ပြီးနောက် ဒေသအချို့၌ ဆီးရီးယားပြည်သူများကို စစ်ရာဇဝတ်မှုများကျူးလွန်ရာတွင်ပါဝင်ခဲ့သော စစ်‌လေယာဉ်မှူးဟောင်းကိုးဦးကို ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်ဟု အာဏာပိုင်များ၏ပြောကြားမှုများကို SANAသတင်းဌာနကကိုးကားဖော်ပြခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ချုပ်များဖြစ်သော မန်ဟယ်အန်ဝါဆာလာ၊ ဆာမီအီဗရာဟင်မာမွတ်၊ ဂါရတ်အလီရီဟရီတို့ ပါ၀င်သည်။

"သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေဟာ များပြားလှတဲ့သေကြေပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မြို့ရွာတွေကို ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တာကြောင့်ဒေသခံတွေ ရွှေ့ပြောင်းရတာ၊ နေအိမ်တွေပျက်စီးတာ၊ အရပ်ဘက်အခြေခံအဆောက် အအုံတွေပျက်စီးတာတွေဖြစ်ခဲ့ပါတယ်"ဟု SANA က ဖြည့်စွက်ဖော်ပြခဲ့သည်။

အာဆက် ပြုတ်ကျသွားကတည်းက ဆီးရီးယား၏အစ္စလာမ်မစ်အာဏာပိုင်အသစ်များက လုံခြုံရေးတာဝန်ရှိသူဟောင်းများကိုဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခြင်းများကို ဧပြီလတွင် စတင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group