
ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ ထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း (၄၆) တန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။
အလွန်ပြင်းထန်သော မုတ်သုံရာသီအတွင်း မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂက ယူရို ၇၅၀,၀၀၀ ကို ထောက်ပံ့ပေးခဲ့သည့်အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း (၄၆) တန် ကိုလည်း ပေးပို့ခဲ့ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။
ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့(စက်တင်ဘာ ၁၁ ရက်)တွင် ဥရောပသမဂ္ဂ(EU) ၏ Humanitarian Air Bridge - လူသားချင်း စာနာထောက်ထားမှု လေကြောင်းပေါင်းကူးစီမံကိန်း လေယာဉ်တစ်စင်းသည် မြန်မာနိုင်ငံ၏ အလွန်ပြင်းထန်သော မုတ်သုံရာသီအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်မှုများကို ပံ့ပိုးကူညီရန်အတွက် ဆေးဝါးနှင့် အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း (၄၆) မက်ထရစ်တန် ကို တင်ဆောင်လာကာ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာပြီ ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ (EU) သည် နိုင်ငံတွင်း ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Watery Diarrhoea - AWD) ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အထောက်အကူပြုရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို ၇၅၀,၀၀၀ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်ဟုဆိုသည်။
အဆိုပါ Humanitarian Air Bridge စီမံကိန်းသည် ထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများ ကြုံရနိုင်သည့် ရိုက်ခက်မှုများကို သက်သာစေရန် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကြိုတင်ပြင်ဆင် စုဆောင်းထားနိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်းနှင့်
ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် ထပ်တလဲလဲဖြစ်ပွားတတ်သော ရေကြီးမှုများ၊ မြေပြိုမှုများနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုများသည် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။
ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် အပျက်အစီးများခဲ့သော ၂၀၂၅ ခုနှစ် မြေငလျင်အပါအဝင် ထပ်တလဲလဲဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသော လူပေါင်း ၁၆ ဒသမ၂ သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိကြောင်း ဥရောပသမဂ္ဂ (EU)ကဆိုသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး၊ ထိုအဖွဲ့အစည်းများက ပစ္စည်းများလက်ခံရယူခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ကြိုတင်နေရာချထားခြင်းတို့ကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အဖွဲ့အစည်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့်အညီ အမှန်တကယ် လိုအပ်ချက်များအပေါ် ဆန်းစစ်ကြည့်ရှု၍ ဖြန့်ဝေမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုလေကြောင်းခရီးစဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့သည့် ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်မဟုတ်ဘဲ ယမန်နှစ် မတ်လက နိုင်ငံတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်အပြီးတွင်လည်း ဥရောပသမဂ္ဂသည် Humanitarian Air Bridge စီမံကိန်းကို စတင်ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း (၁၂) ဖွဲ့ခန့်ထံသို့ အသက်ကယ် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၁,၀၀၀ ခန့်ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူ သန်းပေါင်းများစွာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဥရောပကော်မရှင် (European Commission) သည် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဌာနမှတစ်ဆင့် လိုအပ်ချက်ရှိနေသူများကို ၎င်းတို့၏ နိုင်ငံသားဖြစ်မှု၊ ဘာသာတရား၊ ဂျန်ဒါ၊ အသက်အရွယ် သို့မဟုတ် နိုင်ငံရေးယုံကြည်ချက် စသည်တို့ကို ခွဲခြားမှုမရှိဘဲ ကူညီထောက်ပံ့ပေးနေကြောင်း ဥရောပသမဂ္ဂ (EU)၏ ထုတ်ပြန်ချက်အရ သိရသည်။
ဥရောပသမဂ္ဂ၏ အကူအညီများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများဖြစ်ကြသော လူသားဆန်မှု၊ ဘက်မလိုက်မှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့နှင့်အညီ ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ အကူအညီများကို ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် ဒေသတွင်း NGO များအပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းများကဲ့သို့ ယုံကြည်စိတ်ချရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့်သာ တိုက်ရိုက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။