
တာကျိုးပေါက်ပိတ်ဆို့မှုအပြီး ထပ်မံထိခိုက်မှုရှိခဲ့သဖြင့် လေးမျက်နှာမြို့၌ ရေပြန်လည်ထပ်တိုးဝင်ရောက်မှု ရှိလာကြောင်း သိရသည်။
“ခုဖြစ်စဉ်က (၉)ရက်နေ့ ညပိုင်း (၁၁)နာရီနီးပါးမှာ ဖြစ်တာလို့သိရတယ်။ရေကျပြီဆိုပြီး အိမ်မှာပြန်နေသူ တွေရှိတော့ လိုအပ်ရင်ရွှေ့ပြောင်းနိုင်ကြဖို့ အဲနေ့ညပိုင်းမှာပဲ အားချင်းလိုက်လံနှိုးဆော်ပေးဖြစ်ပါတယ်။ ရွာဘက်တွေကျတော့ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေဆီ လှမ်းချိတ်ရတာပေါ့။ ကျွန်တော်တို့လည်း လှေနဲ့ လိုက်လံနှိုးဆော်ပေးပါတယ်။ လမ်းမကြီးတစ်လျှောက်မှာလည်း နှိုးဆော်ပေးဖြစ်ပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ဖြေကြားသည်။
“၆ ရက်နေ့ကနေ ၉ ရက်နေ့ကြားမှာ မြစ်ရေက ၂ ပေခွဲလောက်တက်တယ်။ ၉ ရက်နေ့ညမှာ တာကျိုးပေါက်ကိုပိတ်ထားတဲ့ Sheet Pile ပေ ၃၀ ဝန်းကျင်ယိုင်သွားပြီး ရေကျော်ဝင်သွားတယ်။ ဘယ်လိုအစီအမံတွေနဲ့ ဆက်လုပ်မလဲဆိုတာကတော့ အကြီးအကဲတွေ စီစဉ်နေပါတယ်”ဟု တာကျိုးပေါက်နေရာ၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ဖြေကြားသည်။
“လေးမျက်နှာမြို့ပေါ် လမ်းမကြီးမှာ အရင်ရက်က ရေကျသွားတယ်။ ခု ရေပြန်တက်လာပြီ။ စခန်းရှေ့၊ တရားရုံးရှေ့ နေရာတွေကတော့ အရင်ရက်ကတည်းက ရေကျန်နေသေးတာ။ ခုတော့ပိုနက်လာပြီ။ ရေစီးသန်တဲ့ရေကျော်နေရာတွေရှိတယ်။ ကားဖြတ်ရခက်တော့ အမှတ်(၄)၊(၅)ရပ်ကွက်တွေမှာ အထောက်အပံ့မရလွယ်ကြဘူး။ ရေအရင်းအမြစ်တွေမပေါ်သေးတော့ သောက်သုံးရေသန့်ရရှိရေးကို ကျွန်တော်တို့ဦးတည်ဆောင်ရွက်ပေးနေပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်နိုင်ဖို့ ရည်ရွယ်ကူညီခြင်းဖြစ်ပါတယ်။ ကိုဘိုဘိုဝင်းတို့ မော်လမြိုင်အဖွဲ့နဲ့အတူ ရွေ့လျားရေသန့်စက်နဲ့ သောက်သုံးရေ သန့်ထုတ်ပေးပြီး အမှတ်(၅)ရပ်ကွက်ဘက်ကနေအိမ်တွေထိအရောက် ပို့ဆောင်လှူဒါန်းပေးနေပါ တယ်။ ရေကထပ်တက်လာတော့ အမြင့်ကားတွေ ဖြတ်ဖို့တောင် ပြန်ပြီးခက်လာနိုင်ပါတယ်။ လေးမျက်နှာမှာ ကူညီပေးတဲ့အရပ်ဖက်အဖွဲ့အစည်းတွေ အတော်နည်းလာပြီ”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။
လေးမျက်နှာမြို့နယ်၌ ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့သည်မှာ တစ်လခွဲနီးပါး ကြာမြင့်နေပြီဖြစ်သည်။