
မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား သဘောတူစာချုပ်(MOU) လေးခု ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၁၁ ရက်)နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့ ရှေ့မှောက်၌ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား သဘောတူစာချုပ်(MOU) လေးခု ကို နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးတွင် ကျင်းပသည့် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် နှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘော ဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#MoU #မြန်မာ-ကမ္ဘောဒီးယား #elevennews