Myanmar National Post

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော “စုံ”/ “မ” ရက်စနစ် - QR Code သတ်မှတ်ချက်နှင့်အညီ စက်သုံးဆီအရောင်းဆိုင်များတွင် ပုံမှန်အခြေအနေအတိုင်း ရောင်းချလျက်ရှိ


နေပြည်တော်၊ စက်တင်ဘာ ၁၂

ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာ ပါသောယာဉ်များနှင့် “မ” ရက်များတွင် မ နံပါတ် အက္ခရာပါသော ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ထုတ်ပြန်ခဲ့သည့် ပြည်သူသို့အသိပေးကြေညာချက်များအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပယ်ဖျက်ခဲ့ပြီး နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းစနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော “စုံ”/ “မ” ရက်စနစ် - QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဝယ်ယူရန်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီးဖြစ်သည်နှင့်အညီ စက်သုံးဆီများ တင်သွင်းဖြန့်ဖြူးခြင်းများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များတွင်လည်း လက်ရှိကျင့်သုံးလျက်ရှိသည့် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များနှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များအား QR Code ၊ Barcode စနစ်များဖြင့် “စုံ”/“မ” ရက် စနစ်သတ်မှတ်ချက်အတိုင်း အခက်အခဲမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post