
သင်္ဘောပေါ်တွင် ခရီးကွာဝေးမှုကြောင့် အချိန်ကြာမြင့်ခြင်း၊ သင်္ဘောစီစဉ်မှုနှင့် ကုန်သေတ္တာ ထုတ်ယူမှု အပါအဝင် အခြားကိစ္စများကြောင့် အချိန်ကြာမြင့်သည့် အခြေအနေ ဖြစ်တတ်သည်ဟုဆို
ပိုလန်နိုင်ငံသို့ တင်သွင်းသည့် မြန်မာ့ဆန်၌ ပိုးမွှားအသေများ တွေ့ရှိခြင်းနှင့်ပတ်၍ မြန်မာဆန်ပို့ကုန်ကုမ္ပဏီများသည် FOB စနစ်အရ သင်္ဘောတင်ပြီးချိန်အထိသာ တာဝန်ရှိပြီး ယင်းနောက်ပိုင်း Buyer နှင့် အရည်အသွေး စစ်ဆေးသည့် တတိယ အဖွဲ့အစည်းများဖြင့် အဓိက သက်ဆိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
ဥရောပတိုက်ရှိ ပိုလန်နိုင်ငံသည် မိမိနိုင်ငံအသုံးအတွက် လည်းကောင်း၊ ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ အခြား ကုန်းတွင်းပိတ်နိုင်ငံများအတွက်လည်းကောင်း မြန်မာ့ဆန်ဖြူနှင့် ပေါင်းဆန်ကို ပုံမှန် ဝယ်ယူ တင်သွင်းသောနိုင်ငံ ဖြစ်ကြောင်း သိရသည်။
တွေ့ရှိရသော TVP News ဌာန၏ သတင်းတွင် တန်ချိန် (၂၅၀) မှ ပိုးမွှားအသေ (Dead Insect) ပိုးမွှားအကြွင်းအကျန် တွေ့ရှိရကြောင်း ဖော်ပြထားသော်လည်း တင်သွင်းသူ မည်သူမည်ဝါဖြစ်ကြောင်း၊ ပိုလန် နိုင်ငံ Gdansk ဆိပ်ကမ်းမြို့သို့ မည်သည့်အချိန်၊ နေ့ရက်တွင် ရောက်ရှိသည်၊ မည်သည့်ကုမ္ပဏီက တင်သွင်း ဖြန့်ဖြူး ရောင်းချသည်ကို ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရကြောင်း၊ ယခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံ၏ စံပယ်ဆန်မွှေး တန် (၄၀) ကို ကုန်အမှတ်တံဆိပ် မမှန်ကန်မှုကြောင့် တားဆီးခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရားဇီးနိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့မှ စားသောက်ကုန်များကို မကြာခဏ စစ်ဆေးဆောင်ရွက်ရကြောင်း ဖော်ပြပါရှိပါသည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပိုလန် အပါအဝင် ဥရောပနိုင်ငံများသို့ ဆန်တင်ပို့ပါက သင်္ဘော မတင်မီ Microbiological၊Requirements၊ Phytosanitary၊ GMO Free၊ Fumigation၊ Heavy Metals, Mycotoxins, Others toxins၊ Pesticides Residue စသည်တို့ စစ်ဆေးမှု (Pre-shipment Inspection) နှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များကို တတိယအဖွဲ့အစည်း (Third Party Inspector) များနှင့် ဆောင်ရွက်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံရှိ ဆန်ပို့ကုန်ကုမ္ပဏီများသည် ပို့ကုန်တင်ပို့ရာတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ ကုန်သွယ်မှု (International Trade Incoterms) တို့နှင့်အညီ FOB စနစ်ဖြင့် တင်ပို့ခြင်းဖြစ်ပြီး၊ FOB စနစ်သည် သင်္ဘောတင်ပြီးချိန်အထိသာ ကုန်တင်ပို့သူ (Seller) အနေဖြင့် တာဝန်ရှိပြီး ယင်းနောက်ပိုင်း အရည်အသွေးဆိုင်ရာ တာဝန်သည် စာချုပ်အရ ဝယ်ယူသည့် Buyer နှင့် လည်းကောင်း၊ အရည်အသွေး စစ်ဆေးသည့် တတိယ အဖွဲ့အစည်းများနှင့် လည်းကောင်း အဓိက သက်ဆိုင်ကြောင်း၊ သင်္ဘောပေါ်တွင် ခရီးကွာဝေးမှုကြောင့် အချိန်ကြာမြင့်ခြင်း၊ ကုန်ဝယ်ယူတင်သွင်းသူ (Buyer) ၏ သင်္ဘောစီစဉ်မှုနှင့် ကုန်သေတ္တာ ထုတ်ယူမှု အပါအဝင် အခြားကိစ္စများကြောင့် အချိန်ကြာမြင့်သည့် အခြေအနေ ဖြစ်တတ်ကြောင်းနှင့် မြန်မာ့ဆန် တင်ပို့သူများအနေဖြင့် ပိုမိုဂရုပြုပြီး အရည်အသွေး စီမံခန့်ခွဲမှုစနစ်များကို အလေးအနက်ထား လိုက်နာ ဆောင်ရွက်ရန် အသိပေးထားကြောင်းသိရသည်။
ပိုလန်နိုင်ငံ အပါအဝင် အခြားသော ဥရောပနိုင်ငံများ၊ အခြားသော ဆန်ဝယ်လက်နိုင်ငံများရှိ ဆန်ဝယ်ယူသူ (Buyer) များနှင့် မြန်မာနိုင်ငံရှိ ဆန် တင်ပို့ရောင်းချသူ (Seller-Exporter) တို့အကြား စာချုပ်များကို ခိုင်မာစွာချုပ်ဆိုရန်နှင့် အရည်အသွေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ရှင်းလင်းတိကျစွာ ဖော်ပြဆောင်ရွက်ရန် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအား တိုက်တွန်းထားပြီး ဖြစ်ကြောင်း၊ ယခုကိစ္စအပေါ် ဆက်လက်လေ့လာ သုံးသပ်ပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြ လမ်းညွှန်မှုရယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။