Myanmar National Post

ချင်းပြည်နယ်အတွင်း သိပ္ပံကျောင်းများမှတစ်ဆင့် ကောလိပ်/တက္ကသိုလ်အဆင့်မြှင့်တင်ရေး၊ Polytechnic သိပ္ပံနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ


တီးတိန်၊ စက်တင်ဘာ ၁၂

ချင်းပြည်နယ်အတွင်း သိပ္ပံကျောင်းများမှတစ်ဆင့် ကောလိပ်/တက္ကသိုလ် အဆင့်မြှင့်တင်ရေး၊ Polyte-chnic သိပ္ပံနှင့်တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယမန်နေ့က တီးတိန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှုလျော့ကျခြင်းမှ ကာကွယ်ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် သိုင်းငင်း - တီးတိန်လမ်းဆုံ သွားလာနိုင်သည့်အခြေအနေ၊ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဖလမ်းမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းရုံး အဆောက်အအုံပြုပြင်နေမှု၊ MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်တပ်ဆင်နေမှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ သူနာပြုသင်တန်းသူ နှစ်ထပ်အိပ်ဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ကျောင်းအုပ်ကြီးရုံးခန်း၊ ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲနှစ်ထပ်အိမ်ရာနှစ်လုံး၊ ရှစ်ခန်းတွဲနှစ်ထပ် သူနာပြုအိမ်ရာနှင့် လေးခန်းတွဲနှစ်ထပ်ကျန်းမာရေးအရာရှိအိမ်ရာ ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post