Eleven Media Group

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ တန်ဖိုးရှိ QIP စီမံချက် ငါးခု မြန်မာ-အိန္ဒိယ လက်မှတ်ရေးထိုး

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ တန်ဖိုးရှိ QIP စီမံချက် ငါးခု မြန်မာ-အိန္ဒိယ လက်မှတ်ရေးထိုးကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects- QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာငါးစောင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၁၁ ရက်က အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ ပထမအတွင်းဝန် Mr. Amit Shreeansh နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲတွင် နားလည်မှုစာချွန်လွှာများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် Mr. Amit Shreeansh တို့က လက်မှတ်ရေးထိုးကြပြီး မီဒီယာသင်ကြားရေးစင်တာ တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြန်ကြားရေးဝန်ကြီးဌာနကလည်းကောင်း၊ ငလျင်ဒဏ်သင့် ကျေးလက်ဒေသများအတွက် နေရောင်ခြည်စွမ်းအင်သုံးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်းကောင်း၊ ဗဟိုသင်တန်းကျောင်းတွင် သင်ကြားရေးကိရိယာများအဖြစ် အသုံးပြုရန် ဆောက်လုပ်ရေးစက်ယန္တရားမောင်းနှင်လေ့ကျင့်ရေးစက်နှင့် အင်ဂျင်ပုံစံငယ်ဖြတ်ပိုင်း ဝယ်ယူခြင်းစီမံချက်နှင့် ဗဟိုသင်တန်းကျောင်းတွင် အသုံးပြုရန် ဆောက်လုပ်‌ရေး လုပ်ငန်းသုံးစက်ယန္တရားများအတွက် စနစ်လေ့ကျင့်သင်ကြားရေးသင်ထောက်ကူပစ္စည်းဝယ်ယူခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ မာန်အောင်ရတနာဘုရားထိန်းသိမ်းခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကလည်းကောင်း လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

အဆိုပါစီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ ရှိပြီး စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများ ဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်မှတ်ရေးထိုးသည့် QIP စီမံချက် ငါးခုအပြင် နောက်ထပ်စီမံချက်ငါးခုကိုလည်း အိန္ဒိယနိုင်ငံအစိုးရက အကူအညီပေးအပ်မည်ဖြစ်ရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း QIP စီမံချက် ၁၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group