Myanmar National Post

တာမွေမြို့နယ်ရှိ ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေကျောင်းသားတချို့ အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပြီး ကျောင်းသားများကို အပြင်တိုက်ခန်းမှာ ငှားပြီး ထားပေးမယ် ဆိုခြင်းကြောင့် အဆင်မပြေမှုဖြစ်


 တာမွေမြို့နယ်ရှိ  ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေကျောင်းသားတချို့ အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပြီး ကျောင်းသားများကို အပြင်တိုက်ခန်းမှာ ငှားပြီး ထားပေးမယ် ဆိုခြင်းကြောင့် အဆင်မပြေမှုဖြစ်၊

ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းကို ဆက်သွယ်မေးမြန်းရာ မီဒီယာကို ချပြစရာမရှိဟု ပြော


ရန်ကုန်၊ စက်တင်ဘာ ၁၂

တာမွေမြို့နယ်ရှိ  ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၈-၉-၂၀၂၆ ရက်နေ့က အဆောင်နေကျောင်းသားတချို့ အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပြီး ယနေ့ (၁၂-၉-၂၀၂၆) ရက်နေ့ (၁၁ ၀၀)နာရီအချိန်က ဆောင်နေကျောင်းသား ကျောင်းသူများ၏ မိဘများကို ခေါ်ယူပြီး ကျောင်းသားများကို အပြင်တိုက်ခန်းမှာ ငှားပြီး ထားပေးမယ်လို့ ပြောဆိုဆွေးနွေးရာမှ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦး က မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောဆိုသည့်အပေါ် အခြေအနေမှန်ကို သိရှိနိုင်ရန် ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းကို ဆက်သွယ်မေးမြန်းရာ မီဒီယာကို ချပြစရာမရှိဟု ပြောသည်။

မြန်မာနေရှင်နယ်ပို့စ် က ဖြစ်စဉ်နှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဆက်သွယ်၍ မေးမြန်းရာ -

မြန်မာနေရှင်နယ်ပို့စ် မေး - အမတို့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှာ ပြဿနာလေး ဖြစ်တာနဲ့ ပတ်သက်လို့ မေးမြန်းချင်လို့ပါ

ဇမ္ဗူအောင်ကျောင်းမှ ဖြေ - ဘယ်သတင်းဌာနကလဲ မသိဘူးနော်။

မြန်မာနေရှင်နယ်ပို့စ် မေး - ကျနော် မြန်မာနေရှင်နယ်ပို့စ် ကပါဗျ။

ဇမ္ဗူအောင်ကျောင်းမှ ဖြေ - မြန်မာနေရှင်နယ်ပို့စ် က၊ ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါအုံးနော်။

အချိန်အနည်းငယ်ကြာပြီးနောက် အခြားအမျိုးသမီးတစ်ဦး လာရောက်ဖြေဆို -

ဇမ္ဗူအောင်ကျောင်းမှ ဖြေ - ဟယ်လို

မြန်မာနေရှင်နယ်ပို့စ် မေး - ဟုတ်ကဲ့ဗျ၊ ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း က ဆရာမကြီးလားဗျ။

ဇမ္ဗူအောင်ကျောင်းမှ ဖြေ -  အော် မဟုတ်ပါဘူး။ ညီမ တာဝန်ရှိတဲ့သူပါ၊ ဘာများဖြစ်လို့လဲရှင်။

မြန်မာနေရှင်နယ်ပို့စ် မေး - ဟုတ်ကဲ့ဗျာ၊ ကျွန်တော်တို့ သိရတာက ကျောင်းသားမိဘတွေက ကျောင်းမှာ အစာအဆိပ်သင့်မှုဖြစ်တယ်၊ ဒီနေ့ အစည်းအဝေးမှာလည်း ပြဿနာလေးတွေ ရှိတယ်လို့ ကြားလို့ ဆရာမတို့ဘက်က ဘာများ ပြောနိုင်မလဲပေါ့။

ဇမ္ဗူအောင်ကျောင်းမှ ဖြေ -  ဘာများပြောနိုင်မလဲဆိုတော့ ဘယ်သူက ပြောတာလဲ ဟင်၊ မိဘကို တချက်သိရမလားဟင်၊

မြန်မာနေရှင်နယ်ပို့စ် မေး - ကျွန်တော်တို့ကတော့ ကျောင်းသားမိဘဆီက သိရတာပါ။ ဘယ်မိဘ ဆိုတောတော့ ကျွန်တော် ပြောဖို့မလိုဘူးထင်တယ်။

ဇမ္ဗူအောင်ကျောင်းမှ ဖြေ -  အော် ဟုတ်၊ ညီမတို့ ဘယ်လို ဖြေရှင်းလိုက်တယ်ဆိုတာ ညီမတို့မှာလည်းလေ ဒါ ဟို မီဒီယာကို ချပြစရာအကြောင်းမရှိဘူးဆိုတော့လေ ကောင်းတာလေး ဖြေရှင်းပေးလိုက်ပါတယ်၊ မိဘတွေကိုလေ၊ ဒါပေမယ့် အဲဒါလည်း ကျွန်မတို့ မီဒီယာကို ချမပြချင်ပါဘူး။ ဘယ်သူက တိုင်တာလည်း မသိဘူးရှင့်။

မြန်မာနေရှင်နယ်ပို့စ် မေး - ဘယ်သူက တိုင်တာလဲ ကျွန်တော် ပြောလို့မရပါဘူး။ ကျောင်းသား မိဘပါ။

ဇမ္ဗူအောင်ကျောင်းမှ ဖြေ - ဟုတ်၊ ကျွန်မတို့လည်း သတင်းမမေးပါဘူး၊ ပြောချင်တာလဲမရှိပါဘူးရှင့် 

ဟု ပြန်လည်ဖြေကြားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အစာအဆိပ်သင့်မှု ဖြစ်ခဲ့ပြီးနောက် တစ်ကြိမ်၊ ယနေ့ တစ်ကြိမ် မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် ပညာရေးဝန်ကြီးဌာန သို့ တင်ပြမေးမြန်းထားသော်လည်း ဖြေကြားချက် ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက် ရလျင် ရချင်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးမည် ဖြစ်ပါသည်။

အဆိုပါ ပုဂ္ဂလိကအထက်တန်းကျောင်းတွင် G-10, G-11, G-12 အဆောင်နေကျောင်းသားများ နေထိုင်လျက်ရှိကြောင်း ကျောင်းသားမိဘတစ်ဦးက ဆက်သွယ်ပြောဆိုထားသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post