Myanmar National Post

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲအခမ်းအနားတက်ရောက်





မကွေး၊ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေ သကြီးလွှတ်တော် ဒုဥက္ကဌနှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး တို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်‌ပေးသည်။

ဆက်လက်၍ ပညာရေးဒီဂရီကောလိပ်မှကျောင်းသား/ကျောင်းသူများက “ထိန်းသိမ်းစို့လေရိုးရာအမွေ” တေးသီချင်းဖြင့်သီဆို ကပြဖျော်ဖြေတင်ဆက်သည်။ အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေးတိုင်းဒေသကြီး၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မြို့နယ်နှင့် ခရိုင်အဆင့်ဆင့်ကို ဖြတ်ကျော်လာသည့် ကျောင်းသားကျောင်းသူများနှင့် ဝါသနာရှင်များက မိမိတို့တတ်မြောက်ထားသော ပညာရပ်များဖြင့် ထုတ်ဖော်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရေးအပါအဝင် ဦးတည်ချက်(၄)ရပ်ကို အခြေခံ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ်က ငလျင်ဘေးအန္တရာယ်ကြောင့် ပြိုင်ပွဲအဆင့် (၃)ဆင့်သာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဝါသနာရှင်အဆင့်နှင့် ကျောင်းသားအဆင့် ပြိုင်ပွဲဝင်အဆင့်(၅)ဆင့်လုံး ပါဝင်မည်ဖြစ်ပြီး ယခင်နှစ်ကမပါဝင်နိုင်ခဲ့သည့် ဇာတ်တော်ကြီး၊ ရုပ်စုံသဘင်နှင့် ကွက်စိပ်ဘာသာရပ်များကို ပြန်လည်ထည့်သွင်းထားပြီး ပလွေနှင့် နှဲဘာသာရပ်များတွင် အမျိုးသမီးများပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမှာ ထူးခြားချက်တစ်ခုပင်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ် ကျေးမှုဆိုသည်မှာ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းလာခဲ့သည့် ဓလေ့ထုံးတမ်းများဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနေသည့် သမိုင်းအစဉ်အလာကြီးမားသော အနုပညာဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲမှာ အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် တိုင်းအဆင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ယူဆောင်ရွက်ကြရသူများအနေဖြင့် ရရှိထားကြသည့်အတွေ့အကြုံ၊ အရည်အချင်းများကိုအခြေခံ၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်ထက်မြက်သူများကို ထိုက်တန်သည့်ဆုရရှိနိုင်ရန် ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူလေးများက “အညာအလှစုံညီ ဖန်ခါးရွှေပြည် ” တေးသီချင်း၊ “မြမန်းဂီရိ” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသ ကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကိုစတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဝင်များနှင့် ဝါသနာရှင်များက အားပေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဝါသနာရှင်(ပထမတန်း)၊( ဒုတိယတန်း)အဆင့်၊ အဆင်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်(အသက် ၁၀နှစ်မှ၁၅နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ် မှ ၂၀နှစ်အတွင်း)၊ပြိုင်ပွဲများအား စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။


မောင်ခိုင်မင်း 

#News #Myanmar


မူရင်းသတင်း — Myanmar National Post