Myanmar National Post

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် AA အဖွဲ့၊ PLF အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၈ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ



နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင် ၁၅ ဦး၊ PLF အဖွဲ့ဝင် ၁ ဦးနှင့် PDF အဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကိုယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများမှာ AA အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှ အမျိုးသား ၅ ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အမျိုးသား ၇ ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား ၁ ဦး၊ မြောက်ဦးမြို့နယ်မှ အမျိုးသား ၁ ဦး၊ မင်းပြားမြို့နယ်မှ အမျိုးသား ၁ ဦး၊ AA အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦး၊ PDF အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှအမျိုးသား ၆ ဦး၊ ကြံခင်းမြို့နယ်မှအမျိုးသား ၁ ဦး၊ ညောင်တုန်းမြို့နယ်မှအမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှအမျိုးသား ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် ၁၂ ဦးနှင့် PLF အဖွဲ့ဝင်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှအမျိုးသား ၁ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် အမ်အေ-၁ ၃ လက်၊ အမ်အေ-၃ ၁ လက်၊ အမ်-၂၂ ၁ လက်၊ အမ်အေ-၁၁ ၁ လက်၊ Type -81 ၁ လက်၊ ပါရီအမျိုးအစား မောင်းပြန်ရိုင်ဖယ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၉၁ တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်လျှင် ဆုကြေးငွေကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၁၀ လက်အတွက် ကျပ်သိန်း (၅၀၀) ကျပ်နှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ (၁)ဦးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် (၂၈)ဦးအတွက် (၈၄)သိန်းကျပ်၊ စုစုပေါင်းချီးမြှင့်ငွေကျပ် သိန်း (၅၈၄)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကိုယ်စား အုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့ စည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းစစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post