Myanmar National Post

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲဖြစ်သူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ လာရောက် တွေ့ဆုံ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ သတ္တုတူးဖော်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး






နေပြည်တော်၊ အောက်တိုဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲဖြစ်သူ မစ္စတာ ဗလာဒီစလပ် စဗစ်ဘလော့ဗ် (Mr. Vladislav V. Sviblov) ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက် ဂါဝရပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် Areal Group of Companies ၏ အကြီးအကဲက မြန်မာနိုင်ငံ၌ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်၊ ရှိပြီးဖြစ်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် နှစ်ဖက်အကြား တည်ဆောက်ထားသည့် ယုံကြည်မှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ရုရှားနိုင်ငံတွင် နည်းပညာအသစ်များ ပိုင်ဆိုင်ထားပြီး ယင်းနည်းပညာများကို မြန်မာနိုင်ငံ၌ အသုံးချနိုင်ရေးနှင့် နည်းပညာအခြေပြုလုပ်ငန်းများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လက်ရှိရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရေး၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ရုရှားနိုင်ငံ၏ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post