Myanmar National Post

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ မှာကြား






နေပြည်တော်၊ အောက်တိုဘာ  ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။


နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအမြဲမပြတ် ရွက်ဆောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်နိုင်ငံများအနက် ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး နိုင်ငံကိုဦးဆောင်လျက်ရှိနေသည့် အစိုးရအဖွဲ့များရှိသကဲ့သို့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ပြင်ဆင်နေကြသည့်အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင်ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာများကို လေ့လာကြည့်မည်ဆိုပါက  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကိုရရှိကြပြီး သမိုင်းကြောင်းတွင်လည်း မှတ်ကျောက်တင်ခံနိုင်ကြသည့် နာမည်ကောင်းများဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြကြောင်း၊ ထို့အတူရွေးကောက်ပွဲများတွင် ဆွဲဆောင်စည်းရုံး မှုကောင်းစွာဖြင့် အနိုင်ရရှိခဲ့ကြပြီး အမှန်တကယ်နိုင်ငံ့တာဝန်များကို ဦးဆောင်ရသည့်အချိန်တွင် မျှော်မှန်းထားသည့် အတိုင်းဖြစ်မလာခဲ့သည့်၊ အားရဖွယ်လုပ် ဆောင်ချက်များမရှိဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်မှုများမရှိခဲ့သည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာခဲ့သည့် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရအဖွဲ့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုး စီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိခဲ့သည်ကို‌ တွေ့မြင်ရမည်ဖြစ်ကြောင်း။

ထို့သို့ဖြစ်ပေါ်ခဲ့မှုကြောင့် ပြည်သူများအနေဖြင့် အာဏာရအစိုးရနှင့် ရွေးကောက်ပွဲအပေါ်အာရုံစိုက်မှုနှင့် အလေးအနက်ထားမှုများလျော့ပါးလာခဲ့ကြပြီး  No Vote လှုပ်ရှားမှုများအထိပင်ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့သို့ဖြစ်ပေါ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုကို ထိခိုက်စေခြင်းပင်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် ကြီးမားသည့်မဲစာရင်းကွာဟမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့်  ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ချက်ထား၍ အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များကို ထုတ်ယူ သုံးစွဲသည့် စီးပွားရေးလုပ်ငန်းများကို ရှေးအစဉ်အဆက်ကတည်းက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိရိုးဖလာ နည်းလမ်းများကို အသုံးပြုဆောင်ရွက်ခြင်းမှ ဖောက်ထွက်ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုအသုံးပြု၍သုတေသနပြု လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန်ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ကာ ပြည်ပပို့ကုန်များကို တိုးမြှင့်ရရှိလာမည်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့်လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်းအားပေးဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကိုကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန် များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်း။


ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်

ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏ အနာဂတ်ကို စဉ်းစားဆောင်ရွက်ရာတွင် ရေရှည်အကျိုးစီးပွားအတွက်ကိုကြည့်၍ စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်သည့် ပညာတတ်လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာစေရေးအတွက်လည်း မိမိတို့အနေဖြင့် စီးပွားရေးပညာရပ်ကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ၉၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြေခံအရေးအဖတ်အတွက်ရရှိပြီးသူများဖြစ်ပြီး တွက်ချက်နိုင်မှု နှင့်ပတ်သက်၍ ကောင်းမွန်ပြီးသားသူများဖြစ်သည်ကိုတွေ့ရကြောင်း၊ စီးပွားရေးကောင်းမွန်စေရေးအတွက် တွက်ချက်ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နိုင်ငံ့ပညာရေးအားကောင်းမှုမှတဆင့် အရည်အသွေးမြင့်လုပ်သားအင်အားလူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီးထိုမှတဆင့် ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာမည်ဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍနှင့် နိုင်ငံ၏ဂျီဒီပီကိုလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုအထိပါ သက်ရောက်မှုအား ကြီးမားသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရမိမိတို့နိုင်ငံတွင် အသက်၂၅ နှစ်အထက်အလယ်တန်းပညာ ပြီးဆုံးသူ ၈ သန်းခန့်ရှိပြီး ၎င်းတို့အနက်အလုပ်လုပ်နိုင်သူများအတွက် အလုပ်အကိုင်ရရှိနိုင်ရေး၊ လူမှန်နေရာမှန်အကျိုးရှိရှိအသုံးချနိုင်ရေးတို့အတွက် အစိုးရဝန်ကြီးဌာနများက အသက်မွေးဝမ်းကြောင်းပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြား ပေးသွားရန်လိုကြောင်း။

ထို့ပြင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်လိုပြီး နိုင်ငံတော်အတွက်လိုအပ်သည့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် နိုင်ရေးစီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအားများလည်း ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့်လူလတ်ပိုင်းအရွယ်များ၏အားကို နိုင်ငံ့ကုန်ထုတ်လုပ်ငန်းများတွင် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထိုက်သင့်သည့်တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှုအားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့် ရင်းနှီးမတည်ချေးငွေများကိုထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ရရှိမှသာလျင် ပြည်တွင်းစားသုံးမှုကိုဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှုရရှိအောင်ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်ချက်ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်တင်ပို့နိုင်ရေး စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ကုန်သွယ်မှုများတွင် အချို့သောနယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများမရှိစေရေး မိမိတို့အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများသည် ရာနှုန်းပြည့်အားကိုး၍မရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင်တရားမဝင်လမ်းကြောင်းများရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာသယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်းသကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း။

သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုပြီး မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကိုခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုံမှန်ကုန်သွယ်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန်လိုသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍လည်း တရားဝင်လမ်းကြောင်းများမှသာလျင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူများလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက်ကျေပွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။

ဖြည့်စွက်မှာကြားလိုသည်မှာ နိုင်ငံ့အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် လူငယ်လူရွယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယဉ်ကျေးမှုပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများ ဆောင်ရွက်ပေးသွားရန်လိုပြီးတတ်နိုင်ပါက ရန်ကုန်၊ မန္တလေး၊နေပြည်တော်တို့ရှိ ပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်များသို့  လူငယ်လူရွယ်များ လာရောက်လည်ပတ်လေ့လာကြခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လူမျိုးတို့၏သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာသာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများကို ပိုမိုနားလည်သဘောပေါက် သိရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဖြစ်နိုင်သည်မှန်သမျှကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။


ပညာရေးကို အထူးအလေးထား၍ အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ လူသား အရင်းအမြစ်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူဦးရေ ရာခိုင်နှုန်းနှင့် မူလတန်းပညာအဆင့်၌သာရှိသူ၊ လုံးဝပညာမသင်ဖူးသူ ဦးရေ ရာခိုင်နှုန်းမှာကွာခြားချက်များ ကြီးမားလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့သော ကွာခြားချက်ကြီးမားမှုကိုလျှော့ချနိုင်‌ရေး မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9  အထိ မသင်မနေရပညာရေးစနစ်ကိုချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ချိတ်ဆက်နေပြီး လူတစ်ဦးချင်းစီ၏ဘဝကိုသာမက မိသားစုတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုလုံး၏ အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲစေနိုင်သည့် စွမ်းအားများရှိနေကြောင်း။

ပညာရေးကွာဟချက်များကြောင့် လူနေမှုအဆင့်အတန်းများသည်လည်း ကွာဟချက်များရှိလာပြီး မြို့ပြနှင့်ကျေးလက်များ၌ ကွာဟချက်များရှိနေဆဲ ဖြစ်သည်ကိုတွေ့မြင်ရကြောင်း၊ ပြည်သူများ၏ အလုပ်အကိုင်ရရှိရေးနှင့်ပညာရေးတို့တွင် လူနည်းစု အလှမ်းမီခြင်းထက် လူများစုအလှမ်းမီစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူများစု လက်လှမ်းမီစေရေးအတွက် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့ဖြစ်၍ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက်နိုင်ရေး၊ လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်ရေး ပညာရေးကိုအလေးထား ပြုပြင်တည်ဆောက်ပေးသွားကြရမည်ဖြစ်ကြောင်း။


အားကစားကဏ္ဍမြှင့်တင်ရေး

ပညာရေးကဏ္ဍမြှင့်တင်မှုနှင့်အတူ အားကစားကဏ္ဍမြှင့်တင်ရေးကိုလည်း မိမိတို့ အနေဖြင့် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ နိုင်ငံတကာနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အောင်မြင်မှုများ နည်းပါးလျက်ရှိကြောင်း၊ နိုင်ငံ၏အားကစားသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး အရှိန်အဝါကြီးမားခဲ့သည့် အားကစားအဆင့်အတန်းကို ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အစိုးရအနေဖြင့် အားကစားနှင့်ပတ်သက်၍ အားကစားကွင်းများ၊ အထောက်အကူပြုပစ္စည်းများကို အဆင့်မြှင့်တင်ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့်လည်း တစ်ဦးချင်းကြံ့ခိုင်မှုကောင်းမွန်စေရေး၊ ခံနိုင်ရည်အားကောင်းမွန်စေရေး၊ အားကစားနည်းများအလိုက် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေး အမြဲမပြတ်စနစ်တကျ လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားနည်းအလိုက် နည်းစနစ်နည်းပြနှင့် ကြံ့ခိုင်ရေးနည်းပြများ မဖြစ်မနေထားရှိသွားရန်လည်း မိမိအနေဖြင့်ပြောကြားထားပြီးဖြစ်ကြောင်း။

နိုင်ငံ၏အားကစားကဏ္ဍမြှင့်တင်ရေးကို လေ့ကျင့်ရေးဖြင့်ပြန်လည်တည်ဆောက်သွားကြရန်လိုပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားကွင်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် အားကစားကွင်းများအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း ခေတ်နှင့်လျော်ညီသည့် အားကစားကွင်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အလိုက် အားကစားကွင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ အားကစားကွင်းများစနစ်တကျ ဖြစ်စေရေးအတွက်လည်း တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားယှဉ်ပြိုင်မှုများကို အားပေးသည့် ပြည်သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြင့် အားပေးကြရန်လိုကြောင်း။

မကြာမီကာလအတွင်းဆောင်းရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ စာသင်ကျောင်းများအလိုက်၊ ကျေးလက်ဒေသအလိုက်၊ ပကာသနမဖက်ဘဲလူထု လှုပ်ရှားမှုဖြင့် စနစ်တကျကျင်းပပြုလုပ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post