Eleven Media Group

■ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်မှစတင်ကာ မန္တလေးမြို့နှင့် မန္တလေးမြို့မှတစ်ဆင့် လေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲတော့မည်ဟု Myanmar Airways International (MAI) က သတင်းထုတ်ပြန်သည်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ကပ်မည့် သို့မဟုတ် လေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာခရီးစဉ်များ အားလုံးကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားကြောင်း MAI လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယာယီပိတ်ထားသည့် ကာလအတွင်း လေကြောင်းလိုင်းများအနေဖြင့် ပြင်ဦးလွင်(အနီးစခန်းလေဆိပ်)တွင် ရပ်နားခြင်းများ လုပ်ဆောင်ခဲ့ရသည်။

မန္တလေးမြို့ရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် FPV suicide drone ခြောက်စင်းဖြင့် တိုက်ခိုက်ခံရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone (၆)စင်းဖြင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့သည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များ တွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group