






နေပြည်တော်၊ အောက်တိုဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဖော်ညွှန်းရန်နှင့် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓာတ်ကို ထာဝရဖော်ညွှန်းရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအကအလှများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိအားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသား၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသမီးနှင့် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက တေးသီချင်းများ အလိုက်တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယှဉ်ပြိုင်မှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပြိုင်ပွဲအလိုက် အကဲ ဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက် အားပေးကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ် နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာ စွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်များဖြင့် ပြိုင်ပွဲအမျိုး အစားများအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့် အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှု အားပေးလျက်ရှိကြကြောင်း သတင်းရရှိသည်။
#News #Myanmar