Eleven Media Group

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းအား တိုက်မိပြီး ယာဉ်မောင်းသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၅၄ မိုင်အနီးတွင် အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက Toyota Hilux Surf ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် သစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းအမျိုးသားတစ်ဦးတည်း မောင်းနှင်လာသော အနက်ပြာရောင် Toyota Hilux Surf ယာဉ်သည် လမ်းမကြီးမိုင်တိုင်အမှတ် ၅၄ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြားသို့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရအပင်ကို ဝင်တိုက်မိခဲ့ပြီး ဆန့်ကျင်ဘက် နေပြည်တော်-ရန်ကုန် ယာဉ်ကြောဘက်ရှိ မြေသားတာဘောင်ပေါ်အထိ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး Guard Rail တစ်ခန်းနှင့် အရိပ်ရအပင်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းပေါ် ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းအိပ်ငိုက်ခြင်းသည် အဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် နှစ်နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တအနားယူရန်၊ ကျန်းမာရေးကောင်းမွန်သည့်အချိန်မှသာ မောင်းနှင်ရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် ပတ်ထားရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန် တိုက်တွန်းထားသည်။

မူရင်းသတင်း — Eleven Media Group