Eleven Media Group

■ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အအုံ၏ မြေကွက်ကို လေလံတင်ရောင်းချမည်

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အအုံ၏ မြေကွက်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ကွင်းအမှတ် (၄၁၇)၊ လမ်း၆၀၊ ၂၂x၂၃ လမ်းကြားရှိ ဦးပိုင်အမှတ် (၈၈၃၊ ၈၈ဎ+၈၉ဌ) အမည်တွင်သည့် ဧရိယာ (ဝ.၄၀၊ ၀.၂၀+၀.၀၈) ဧက ပေ (၁ဝဝx၄ဝဝ) အကျယ်အဝန်းရှိ မြေကွက်များမှာ ဦးနိုင်ထွန်းလင်း အမည်ပေါက်ပိုင်ဆိုင်သည့် ဂရန်မြေကွက်များဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးနိုင်ထွန်းလင်းက ယင်းမြေကွက်များပေါ်၌ Sky Villa ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်၍ မြေအချိုးကျပိုင်ဆိုင်ခွင့်ဖြင့် ရောင်းချခဲ့ကြောင်း၊ ယခုအခါ ဦးနိုင်ထွန်းလင်းနှင့် ဇနီး ဒေါ်သက်သက်ခိုင်တို့နှင့် Sky Villa ကွန်ဒိုတိုက်ခန်းများကို မြေအချိုးကျ ပိုင်ဆိုင်ခွင့်ဖြင့် ဝယ်ယူထားသည့် တိုက်ခန်းပိုင်ရှင်များ၏ ညှိနှိုင်းသဘောတူညီချက်အရ အထက်ဖော်ပြပါ ဂရန်မြေကွက်များနှင့် ပိုင်ဆိုင်အကျိုးခံစားခွင့်အရပ်ရပ်တို့ကို လေလံကြမ်းခင်းဈေးသတ်မှတ်၍ နိုဝင်ဘာလပိုင်းမှစတင်ပြီး လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်ပြီး အကျိုးသက်ဆိုင်ခွင့်ရှိသူ မည်သူမဆို ကြော်ငြာပါသည့်နေ့မှစပြီး ခုနစ်ရက်အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ကြောင်း၊ သတ်မှတ်ရက် ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း Sky Villa ဘက်က ကြေညာထားသည်။

အင်အားကြီး ငလျင်ကြီးကြောင့် Sky villa ကွန်ဒိုမှာ ပြိုကျပျက်စီးခဲ့ပြီး လူရာနှင့်ချီ သေဆုံးခဲ့သည်။

ယင်းသို့သေဆုံးမှုကြောင့် Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား အောင်မြေသာစံမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကျခံစေရန် ဇွန်၂၃ ရက်က အမိန့်ချမှတ်ခဲ့ရာ အဆိုပါ အမိန့်နှင့်ပတ်သက်ပြီး အယူခံနှင့် ပြင်ဆင်မှုများ တက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံခရိုင်တရားရုံးအနေဖြင့် " ၂၀၂၆ ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ်၃၉ (က) နှင့် ၂၀၂၆ ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ်၄၂ တို့အား ခွင့်ပြု၍ မူလမြို့နယ်တရားရုံးက တရားခံ ဦးနိုင်ထွန်းလင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ ပြစ်မှုထင်ရှားတွေ့ရှိခြင်းကို ဆက်လက်အတည်ပြုပြီး ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန်အစား ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် ပြင်ဆင်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဦးနိုင်ထွန်းလင်းအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်က တရားလိုပြုလုပ်ပြီး အောင်မြေသာစံမြို့နယ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကွန်ဒိုပြိုကျမှုတွင် အသက်ဆုံးပါးသွားကြသူတစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ Sky Villa ဘက်က ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် တောင်းပန်မှုပြုလုပ်ခြင်း အခမ်းအနားများကို ပြုလုပ်ခဲ့သည်။

ပုံစာ: ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa ကွန်ဒို အပျက်အစီးများအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရစဉ်။

ဓာတ်ပုံ: ယဉ်မျိုးသွယ်

မူရင်းသတင်း — Eleven Media Group