Eleven Media Group

သုံးရက်ခန့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လူငယ်စီးပွားရေးလုပ်ငန်းရှင် မနှင်းလဲ့လဲ့ပိုင် ရှင်းလင်း

သုံးရက်ခန့်အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လူငယ်စီးပွားရေးလုပ်ငန်းရှင် မနှင်းလဲ့လဲ့ပိုင်ကညသူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်တင့် အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာပလာဇာအနီးရှိ EV Charging Station တွင် ကားအားသွင်းရန် သွားသည့် နှင်းလဲ့လဲ့ပိုင်ဆိုသည့် အမျိုးသမီးမှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

EV ကားကိုအားသွင်းနေစဉ် အရာရှိနှစ်ဦးနှင့် နောက်လိုက်တစ်ဦးက မေးခွန်းများ မေးစရာရှိသဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ မှတ်ပုံတင်နှင့် ဖုန်းကို သိမ်းဆည်းခဲ့ကြောင်း၊ မေးခွန်းများကို မေးမြန်းဖြေကြားစဉ်တွင် နားလည်မှုလွဲမှားနေသည်ကို နှစ်ဖက်စလုံးက သိရှိသွားကြောင်း ၎င်းက ရေးသားထားသည်။

"သူတို့မေးတဲ့မေးခွန်းတွေဖြေတဲ့အခါမှာမှ နားလည်မှုလွဲနေတာ ဖြစ်ကြောင်း သူတို့ရော ညီမရော သိသွားကြပါတယ်။ သူတို့က ညီမနောက်လိုက်နေတာ ၁လလောက်ရှိမယ့်ပုံပါပဲ။ ဒါပေမယ့် ခေါ်လာတာ ညီမတစ်ယောက်ထဲမဟုတ်ဘဲ ၃ယောက်လောက်ရှိတာမို့ သူတို့ကိုပါစစ်တာပီးမှပြန်ရမယ်ပေါ့နော်။ ဘာတွေမေးလဲတော့ အဖွဲ့အစည်းသိက္ခာတွေကြောင့်ပြောပြလို့မရပါဘူးရှင်။ ညီမ ph call တွေ viber chat တွေ bank account transaction တွေ details စစ်ကြပါတယ်။ ဒီမှာလဲ ဘာပြသနာမှမရှိပါဘူး။ ညီမ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်ခဲ့တာ ညီမ လုပ်ငန်းအားဖြင့် ဘာအမှားမှမလုပ်ထားပါဘူး။ လက်ရှိ ဖွင့်ထားတဲ့ YP Education ကျောင်းခွဲများ သည် သက်တမ်း ၅နှစ်ကျော်ပြီဖြစ်ပြီး Ministry of Education အသိအမှတ်ပြုကျောင်းတစ်ခုပါ ပီးတော့နှစ်စဉ်အခွန်ဆောင်ပါတယ်။ ဒီလိုပဲ Travel & Tour လုပ်ငန်းသည်လည်း အခွန်ဆောင် လည်ပတ်နေသော လုပ်ငန်းဖြစ်ပါတယ်။ ထို့အတူ သွင်းကုန် ထုတ်ကုန်မှာလဲ ပြည်ပ ကုန်တင်ပို့ခြင်း များကို သေချာ လုပ်ကိုင်နေတာပါ။ အဲ့တော့ ညီမကို အသားတစ်ချက်တောင်ထိလို့မရပါဘူး။ ဒါမျိုးမရှင်းပြရင် ညီမကျင်လည်နေတဲ့ ပတ်ဝန်းကျင်က လုပ်ငန်းရှင်တွေ သို့လော သို့လောနဲ့ ဆက်ဆံရေးတွေ ပျက်ကုန်မှာစိုးလို့ပါ" ဟု မနှင်းလဲ့လဲ့ပိုင်က ရေးသားထားသည်။

ယင်းသို့ပျောက်ဆုံးနေစဉ်ကာလအတွင်း ဂုဏ်သိက္ခာ ကျဆင်းစေမည့် အခြေအနေများကို ပြောကြားမှုများ ရှိနေသဖြင့် ယခုကဲ့သို့ ရှင်းလင်းပြောဆိုရခြင်းဟု ၎င်းက ဆက်လက်ရေးသားထားသည်။

မနှင်းလဲ့လဲ့ပိုင်က " နေ့ခြင်းမပြန်ရတဲ့ နောက်မှာ ညီမ တော်တော် စိတ်ပူနေပါပီ။ အခန်းကျဉ်းထဲ သံပန်သလင်းမှာ အထပ်သားပြားတစ်ချပ်ထဲရှိတာမို့ ထိုင်မရ ထမရ အိပ်မရ စားမရတွေ က မမေ့နိုင်စရာဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ပြတင်းပေါက်သေးလေး တခုပဲရှိတယ်မို့ ပူလောင်ပီး အသက်ရှူကျပ်ပါတယ်။ ဒုတိယရက်မှာတော့ အခန်းကကျဉ်းပီးပူတော့ အသက်ရှုတွေကျပ် ချွေးစေးတွေထွက်ပီး အော်ငို တံခါးတွေထု အဲ့လိုဖြစ်နေပါပီ။ အစားစားချိန် စတီးဇလုံနဲ့ ထမင်း ဟင်း ပုံပြီး လာလာပို့ပါတယ်။ မစားရင်ပြန်သိမ်းသွားပါတယ်။ ဒုတိယရက် အပြင်ဘက်မှာ အမေတို့နဲ့အတူ ချစ်ခင်ရသူအပေါင်းကြိုးစားပေးလို့ cctv records နဲ့ car GPs location ကိုသိနေကြပါပီ။ အဲ့မှာ သူတို့က ပြန်ပေးဆွဲခံရတာမဟုတ်ကြောင်း သိနေပါပီ။ တတိယမြောက်နေ့မှာ ဘာပြစ်မှုမှ ငြိစွန်းခြင်း မရှိကြောင်းနဲ့ပြန်ရတော့မည်ဖြစ်ကြောင်း လာပြောပါတယ်။ ထွက်ထွက်လာချင်း ညီမ case က အပြင်မှာ အဲ့လောက်ကြီးနေမှန်းမသိတော့ အများသူငှါ စိတ်ပူတာတွေလျော့ အောင် post တင်လိုက်တာ professional မဆန်ဘူးဖြစ်ပြီး လူတွေ cb ထိ လာဆဲကြတာ ကြုံလိုက်ရပါတယ်။ တယောက်ယောက်နဲ့ သွားအိပ်နေတယ်ပဲ ထင်နေကြတာမို့ ညီမ သိက္ခာအရ ဒီ post ကိုထပ်ရေးရခြင်းပါရှင်" ဟု ရေးသားထားသည်။

၎င်းတွေ့ကြုံခဲ့သည့်အခြေအနေများနှင့်ပတ်သက်ပြီး လူငယ်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် မှန်မှန်ကန်ကန်လုပ်ဆောင်စေလိုသည်ဟု မနှင်းလဲ့လဲ့ပိုင်က ဆက်လက်ရေးသားထားသည်။

"မနေ့က ညီမနဲ့အတူ ခေါ်ထားတဲ့သူ အားလုံးပြန်လွှတ်ပေးလိုက်ပီလို့ သိရတော့ သူတို့နဲ့ စကားပြောခြုံးဖွဲ့ချငိုပီး စိတ်လျော့ချလိုက်တော့ လူက ဖျားသွားပါတယ်။ ခုမှ ထနိုင်လို့ ဒီစာကိုထရေးတာပါရှင်။အထက်ပါ ညီမအတွေ့အကြုံများအရ ညီမလို လုပ်ငန်းရှင် လူငယ်တွေ အနေနဲ့ လုပ်ငန်းတွေ run တဲ့အချိန်မှာ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်လုပ်ထားဖို့၊ ငွေလွှဲ transaction အကြီးတွေဆို သတိထားဖို့၊ ကိုယ် deal လုပ်နေတဲ့ business partner တွေ ကို သေချာ စုံစမ်းထားဖို့ ၊ ငွေဖြူ ငွေမဲ ကိစ္စတွေ အတတ်နိုင်ဆုံးရှောင်ကြဖို့၊ ဒေါ်လာ လက်ဝယ်ကိုင်ဆောင်မှုတွေ အမောင့်များရင် စနစ်တကျ ကိုင်တွယ်ကြဖို့ လိုပါတယ်" ဟု မနှင်းလဲ့လဲ့ပိုင်က ရေးသားထားသည်။

ပျောက်ဆုံးနေစဉ် ကာလအတွင်း စိတ်ပူပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ လုပ်ငန်းများအတွက် branding လုပ်ခြင်းမဟုတ်ကြောင်း မနှင်းလဲ့လဲ့ပိုင်က ရေးသားထားသည်။

မူရင်းသတင်း — Eleven Media Group