Myanmar National Post

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဟားခါး) ရှိ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး




ဟားခါး၊ စက်တင်ဘာ  ၁၂

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဟားခါး) ရှိ ကျောင်းသား ၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ဟားခါးမြို့ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျောင်းနေအရွယ် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ကျောင်းနေရွယ်အချိန်တွင် ပညာကိုအပတ်တကုတ်ကြိုးစားသင်ကြားစေ လိုသည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တွေ့ဆုံအားပေးစကားပြောကြားခြင်းဖြစ်ကြောင်း၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းကို နယ်စပ်ဒေသရှိ ခက်ခဲသော လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအခါ နှစ် (၃၀)ကျော် ပြည့်မြောက်ပြီဖြစ်ကြောင်း ၊ မိမိ ကိုယ်ကိုသော်လည်းကောင်း၊ မိမိ၏ မိသားစု၊ မြို့၊ပြည်နယ်နှင့် နိုင်ငံအကျိုးပြုနိုင်ရန်အတွက် ပညာ တတ်ရန်လိုကြောင်း၊ ပညာတတ်သည့်သူနှင့် ပညာမတတ်သူ၏ စွမ်းဆောင်နိုင်မှုသည် များစွာကွာခြားပါကြောင်း၊လူငယ်တစ်ဦးအနေဖြင့် စာတတ်မြောက်ရုံနှင့်မပြီးဘဲ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စရိတ္တဗလစသည့် ဗလငါးတန်နှင့် ပြည့်စုံရန်လိုကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဟားခါး)တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို အပတ်တကုတ်ကြိုးစားသင်ယူကာ နိုင်ငံတော်နှင့် လူမျိုးအတွက် သားကောင်း၊ သမီးကောင်းများဖြစ်အောင်စိတ်ပိုင်းဖြတ်၍ ကြိုးစားကြရန်တိုက်တွန်းကြောင်းဖြင့် အားပေးစကားပြောကြားသည်။

ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးသန်းဆွေက ချင်းပြည်နယ်အတွင်း လူငယ်သင်တန်းကျောင်းဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ကျောင်းသား၊ ကျောင်း သူအင်အားစာရင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆို၊ အောင်မြင်၊ ဂုဏ်ထူးရရှိမှုအခြေအနေ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအခြေအနေနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးနိုင်မှု၊ စာကြည့်တိုက်များဖွင့်လှစ်ပေးနိုင်မှု၊ အားကစားနှင့်ခရစ္စမတ်ကဲ့သို့သော နေ့ထူးနေ့မြတ်များတွင် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူငယ်သင်တန်းကျောင်းနှင့် ပညာရေးကဏ္ဍပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေ အနေများကို ဟားခါးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဖေနှင့် ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းတို့က ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးများက အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြ၍ ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားသည်။

ထို့နောက် လူငယ်သင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post