Eleven Media Group

■ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန် ဖိတ်ကြားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ပြောကြား

မြန်မာနိုင်ငံ၏ သမ္မတ ဦးမင်းအောင်လှိုင်အား တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန် ဖိတ်ကြားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို လျှင်မြန်ချောမွေ့စေရန်အတွက် ထိုကဲ့သို့ တရားဝင်ခရီးစဉ်ဖိတ်ကြားသွားမည်ဟု အန်ဝါက ဆိုသည်။

မလေးရှားသို့ ရောက်ရှိနေသည့် ဘင်္ဂါလီ ၅၀၀၀ ကို ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူညီခဲ့ကြောင်း အန်ဝါက ဇူလိုင်လတွင် ကြေညာခဲ့သည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီတွင် မှတ်ပုံတင်ထားသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂၁၅၀၀၀ ကျော်ကို လက်ခံထားရှိပြီး ၎င်းတို့အနက် အကြီးဆုံး ဒုက္ခသည်အသိုက်အဝန်းဖြစ်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ၁၂၆၀၀၀ ကျော် ပါဝင်သည်။

နှစ်နိုင်ငံစလုံးက ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို စက်တင်ဘာလကုန်တွင် ၎င်းတို့သဘောဆန္ဒအလျောက် ပြန်လည်ပို့ဆောင်မည်ဟု ပြောကြားထားသော်လည်း အဆိုပါမြန်မာနိုင်ငံသားများအနက် ဘင်္ဂါလီမည်မျှပါဝင်မည်ဆိုခြင်းကို သေချာစွာ မသိရသေးပေ။

ယခုကဲ့သို့ သံတမန်ရေးအရ ဆောင်ရွက်မှုသည် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာစေသည့် ဘင်္ဂါလီ ဒုက္ခသည် ပြဿနာအတွက် အဖြေရှာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

"အဲဒါကြောင့် မြန်မာ သမ္မတကို မလေးရှားနိုင်ငံဆီ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာရောက်ဖို့ ဖိတ်ကြားမယ်လို့ လွန်ခဲ့တဲ့ နှစ်ပတ်က ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ကျွန်တော် ပြောခဲ့ပါတယ်" ဟု ဝန်ကြီးချုပ်အန်ဝါက စက်တင်ဘာ ၁၆ ရက်က အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"ကျွန်တော် ဘာကြောင့် သူ့ကို ဖိတ်ရတာလဲ။ အကြောင်းရင်းကတော့ ကျွန်တော်တို့ မိတ်ဆွေဖွဲ့နိုင်သလို ကုန်သွယ်မှုတွေလည်း လုပ်နိုင်တယ်ဆိုတာ သူ့ကို ပြောချင်လို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်ခံပေးနိုင်ပေမဲ့၊ သူတို့ဘက်ကလည်း (ဒုက္ခသည်တွေကို) ပြန်လည်လက်ခံရပါမယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည် ၂၀၀၀၀၀ စလုံးကို တစ်ကြိမ်တည်းဖြင့် ပြန်လည် မလက်ခံနိုင်ပါက ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အဆင့်လိုက် ဆောင်ရွက်သွားနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group