
ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံများအတွက် ချထားပေးသည့် အမေရိကန်၏ စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်းများစွာကို အမေရိကတိုက်ရှိ နိုင်ငံများထံ ပြောင်းလဲပေးအပ်ရန် ထရန့်အစိုးရက စီစဉ်လျက်ရှိသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ကွန်ဂရက်လွှတ်တော်ထံ ထိုကိစ္စကိုအသိပေးခဲ့ပြီး ဆလိုဗက်ကီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ တူနီးရှားနှင့် အီရတ်တို့အတွက် ချပေးထားသည့် နိုင်ငံခြားစစ်ရေးဘဏ္ဍာငွေ ဒေါ်လာ ၅၂ သန်းကို ပနားမား၊ ပီရူး၊ အီကွေဒေါနှင့် ကိုလံဘီယာနိုင်ငံများသို့ ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ပြီးခဲ့သည့်သီတင်းပတ်က ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးနိုင်ငံများသို့ သွားရောက်ခဲ့ပြီး အကူအညီများထပ်ပေးမည်ဟု ကတိပေးခဲ့သည်။ ထရန့်အစိုးရက ၎င်းတို့၏နိုင်ငံခြားရေးမူဝါဒတွင် မူးယစ်ဆေးကုန်သွယ်မှုနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေးတို့ကို အလေးပေးကာ အနောက်ကမ္ဘာခြမ်းကို ပိုမိုဦးစားပေးလာသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းငွေကြေးများကို အမေရိကန်၏ အနီးအနားဒေသတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန်နှင့် ပနားမားတူးမြောင်း လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းရန် အသုံးပြုမည်ဟုပြောသည်။ အနောက်ကမ္ဘာခြမ်းသည် ယခင်က အမေရိကန်၏ စစ်ရေးအကူအညီပေးမှုတွင် လျစ်လျူရှုခံခဲ့ရသည့် ဒေသဟုလည်း ဆိုသည်။
ယခုအပြောင်းအလဲက တူနီးရှား၊ အီရတ်၊ မြောက်မက်ဆီဒိုးနီးယားနှင့် ဆလို ဗက်ကီးယားတို့အတွက် အမေရိကန်၏ စစ်ရေးအကူအညီ လုံးဝရပ်ဆိုင်းသွားမည့် အဓိပ္ပါယ်မဟုတ်ပေ။ ယင်းနိုင်ငံများအတွက် လက်ကျန်အကူအညီပမာဏကို လတ်တလော အတိအကျ မသိရသေးခြင်းသာ ဖြစ်သည်။