
သီရိလင်္ကာ ရဲတပ်ဖွဲ့သည် သမ္မတကတော်ဟောင်း ရှီရန်သီ ရာဂျာပက်ဆာကို အဂတိလိုက်စားမှုစွဲချက်များနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ရန် စက်တင်ဘာ ၁၆ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ယင်းဖြစ်စဥ်သည် နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်ကို မြှင့်တင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
သမ္မတကတော်ဟောင်း ရှီရန်သီ၏ ပရဟိတအဖွဲ့သည် လှူဒါန်းငွေများကို အလွဲသုံးစားလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များရင်ဆိုင်နေရခြင်းဖြစ်သည်။
သီရိလင်္ကာ သမ္မတ အနုရ ကုမာရ ဒိဿနာယက၏ အစိုးရသည် သီရိလင်္ကာ နိုင်ငံရေးကို ဆယ်စုနှစ် နီးပါး လွှမ်းမိုးခဲ့သည့် တစ်ချိန်က ဩဇာကြီးမားသော ရာဂျာပက်ဆာ မိသားစုဝင်များ ပါဝင်ပတ်သက်နေပြီး ကာလရှည်ကြာ ရပ်ဆိုင်းနေခဲ့သည့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများကို ပြန်လည် စတင်ခဲ့သည်။
အသက် ၇၃ နှစ်အရွယ် ရှီရန်သီသည် ဆေးကုသမှုခံယူရန် စင်ကာပူသို့ လေယာဉ်ဖြင့် မသွားရောက်မီ ဘဏ္ဍာရေး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (FCID) က ဆင့်ခေါ်စာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရာဂျာပက်ဆာမိသားစု ပြောရေးဆိုခွင့်ရှိသူ မနော့ဂျ် ဂါမေ့ဂ်ျက ကိုလံဘိုမြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
"သူ လေယာဉ်ပေါ် မတက်ခင် မိနစ်ပိုင်းအလိုမှာ FCID ရဲ့ အကြောင်းကြားစာကို ပေးအပ်ခဲ့တာပါ။ သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားနေတာ မဟုတ်ဘဲ ဆေးကုသမှု ခံယူဖို့အတွက် ခရီးသွားတာ ဖြစ်ပါတယ်" ဟု ဂါမေ့ဂ်ျက ပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ရှောင်လွှဲရန် တိုင်းပြည်မှ ထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဆိုသော ပြောဆိုချက်များကို ငြင်းဆိုခဲ့သည်။
ရှီရန်သီ၏ Siriliya Saviya ပရဟိတအဖွဲ့မှ ဒေသတွင်း ကင်ဆာဆေးရုံတစ်ခုအတွက် PET scanner ဝယ်ယူရန် ရူပီး ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၀၇၅၀) အလှူငွေများကို ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းအား FCID က မေးမြန်းစစ်ဆေးလိုခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ PET scanner ကို တရုတ်အစိုးရက လှူဒါန်းထားပြီးဖြစ်သော်လည်း ပရဟိတအဖွဲ့မှာမူ လှူဒါန်းငွေများကို ဆက်လက် ကောက်ခံခဲ့ပြီး အဆိုပါ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေးသူများက တရားရုံးသို့ လျှောက်ထားခဲ့သည်။
ဂါမေ့ဂ်ျကမူ မည်သည့် အမှားအယွင်းမျှ ပြုလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ထိုငွေများကို အလွဲသုံးစားလုပ်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
Ref: AFP