
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် လေယာဥ် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည့် အမေရိကန်မှ ကိုယ်စားလှယ်အဖွဲ့မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု Flight Rader 24 မှတ်တမ်းများအရ သိရသည်။
လေယာဉ်ပျံသန်းမှုကိုစောင့်ကြည့်သည့် Flight Radar24 ၏အချက်အလက်အရ အမေရိကန် လေတပ်ပိုင်လေယာဉ်တစ်စင်းမှာ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိလာခဲ့ပြီး ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်မှာ တစ်ရက်ခန့်သာ ကြာမြင့်ခဲ့ပြီး ခရီးစဉ်အတွင်း မည်သူများနှင့် တွေ့ဆုံခဲ့သည်၊ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဆိုသည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
ယခုခရီးစဉ်တွင် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား၊ မှတ်ပုံတင်အမှတ် 83-0498 လေယာဉ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
Beech C-12 Huron လေယာဉ်အမျိုးအစားမှာ အရပ်ဘက်သုံး Beechcraft Super King Air ကို အခြေခံ၍ စစ်ဘက်သုံးအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး ၎င်းကို အမေရိကန် လေတပ်၊ ကြည်းတပ်နှင့် ရေတပ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်ဟု သိရသည်။
နိုင်ငံတကာရှိ အမေရိကန်သံရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် သံတမန်ရေးရာနှင့်ပတ်သက်ပြီး အရေးကြီးပုဂ္ဂိုလ်များကို သယ်ယူပို့ဆောင်ရန် အသုံးပြုသည်ဟု သိရသည်။
ယခုဆွေးနွေးမှုမှာ စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ် နောက်ဆက်တွဲအဖြစ် ဆွေးနွေးခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
စက်တင်ဘာ ၃ ရက်က စင်ကာပူနိုင်ငံတွင် US- Myanmar Business Dialogue ကို ပြုလုပ်ခဲ့ပြီး မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်အချို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
ယနေ့ (စက်တင်ဘာ ၁၆ ရက်) ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် အမေရိကန်နိုင်ငံသား Adam Michael Castillo အား နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။